MT News

Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ဆိုင်ကယ်ခိုးလာသူက လမ်းဘေး၌ ထန်းသီးရောင်းနေသည့် အမျိုးသမီးကြီးတစ်ဦးကို ဝင်တိုက်မိရာမှ ဆေးရုံတင်ပို့ကုသစဥ် သေဆုံးသွားသည့် ဖြစ်စဥ်တစ်ခု ဇွန်လ ၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှ သိရသည်။

ဖြစ်စဥ်မှာ မိတ္ထီလာမြို့၊ စက်မှုဇုန် (၃) လမ်းထိပ်မှ ဆိုင်ကယ် ခိုးယူမောင်းပြေးလာသည့် အမျိုးသားက သဲကုန်းရွာအနီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ထန်းသီးရောင်းနေသည့် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးကြီးကို ဝင်တိုက်မိခြင်းဖြစ်ပြီး ယင်းနောက်မှလည်း ဆိုင်ကယ်ပိုင်ရှင်များက အုပ်စုဖွဲ့ လိုက်လံဖမ်းဆီးခဲ့ကြကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူက MT News သို့ပြောသည်။

“တိုက်တဲ့သူက ထွက်ပြေးသွားတယ်။ သက်ဆိုင်ရာကလည်းစုံစမ်းနေတယ်ပြောတယ်။ အဲ့ဒီ အဒေါ်ကြီး စျေးရောင်းတဲ့နေရာနဲ့ သူ့ရွာက သိပ်တော့ မလှမ်းပါဘူး။ နီးတယ်။ ရွာက ဆွေမျိုးတွေလည်း ချက်ချင်းလိုက်လာကြတယ်။ ကျွန်တော်တို့ ရောက်တော့ မြေပြင်ပြုစုကုသမှု လုပ်ပေးတော့ သတိလည်လာသေးတယ်။ ၁၁ နာရီလောက်က မိထ္တီလာဆေးရုံကြီး ပို့ပေးလိုက်တာ ကုလိုက်ရပါသေးတယ်။ ၂ နာရီလောက်မှာတော့ ခေါင်းထိတဲ့ဒဏ်ရာနဲ့ပဲ ဆုံးပြီဆိုပြီး ဆေးရုံက ပြန်အကြောင်းကြားလို့ရုပ်အလောင်းကို ရင်ခွဲရုံကနေ ရွာကို ပြန်သယ်ပေးခဲ့ရတယ်။ ရွာကလည်း ရပ်ဓလေ့အရ အစိမ်းသေတယ်လို့ယူဆတာကြောင့် ရွာထဲတော့ မသယ်စေချင်လို့ ရွာပြင်ဇရပ်မှာ ထားပေးခဲ့ရတယ်” ဟု ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှတာဝန်ရှိသူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *