၂. ၆. ၂၀၂၃

Written by Nay Moe

ကမြောကင်းတံတားအနီး ကင်းပုန်းဝပ်နေသော လခရများနှင့် ဝန်ကြီးများအိမ်ရာကို လောင်းလုံး PDF က ၈၁ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က သတင်းထုတ်ပြန်သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို မေ ၃၁ ရက် ည ၁၁ နာရီခန့်က လောင်းလုံး-ထားဝယ် ဆက်သွယ်ထားသော ကမြောကင်းတံတားအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အနီး ဝန်ကြီးများအိမ်ရာသို့ ၈၁ မမ လက်နက်ကြီးကျည် ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအား စုံစမ်းဆဲဖြစ်ကြောင်း LLPDF က ဆိုသည်။

လခရ (၁၀၀) ကျော်သည် မေ ၂၄ ရက်နေ့တွင် လောင်းလုံးမြို့နယ် သဲပုံရွာ (အင်းဝတောင်) ပေါ်သို့ ရောက်ရှိလာကြပြီး စခန်းသစ် တည်ဆောက်နေကြပြီး စစ်ဆေးမှုများပြုလုပ်နေသည်ဟုလည်း သိရကြောင်း လောင်းလုံး PDF က ပြောသည်။

လောင်းလုံး PDF များ ပစ်ခတ်တိုက်ခိုက်ခဲ့သော ကမြောကင်းတံတားနေရာသည် ၂၀၂၁ ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၀၂၃ မတ်လ ၁၅ ရက်အတွင်း အသစ်တည်ဆောက်ထားသော၊ ဒေသခံများလူမှူဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ထို တံတားအသစ်အား ကျပ် ၁၀ ဘီလျံကျော်အကုန်အကျခံတည်ဆောက်ပေးထားပြီး ကမြောကင်းတံတားသည် ထားဝယ်နှင့် လောင်းလုံးအပါအဝင် တနင်္သာရီတိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအရေးပါသော တံတားတစ်စင်းလည်း ဖြစ်သည်။ လောင်းလုံး PDF ၏ ထိုပစ်ခတ်တိုက်ခိုက်မှုတွင် လက်နက်ကြီးကျည်များသည် လောင်းလုံးဘက်ခြမ်းရှိ ကျေးရွာများ၏ နေအိမ်များကိုလည်း ထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောကြားကြောင်းလည်း တနင်္သာရီဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *