မေလ ၃၁ ရက်ညက ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်အတွင်း ဆန်ခလာဘူရီခရိုင်၌ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိသော တရားမဝင်ပြောင်းရွှေ့နေထိုင်သူမြန်မာနိုင်ငံသားဆယ်ဦးကို တွေ့ရစဉ်။

၁. ၆. ၂၀၂၃
Translated by Htwe Ko Tun

တရားမဝင်ပြောင်းရွှေ့နေထိုင်သူ မြန်မာနိုင်ငံသားများကို သယ်ဆောင်လာသော ပစ်ကပ်ကားတစ်စီးသည် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်အတွင်း ဆန်ခလာဘူရီခရိုင်၌ မေလ ၃၁ ရက်ညပိုင်းက တိမ်းမှောက်ခဲ့ရာ တရားမဝင်ပြောင်းရွှေ့နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦးသေဆုံးပြီး အမျိုးသားရှစ်ဦးနှင့်အမျိုးသမီး နှစ်ဦးအပါအဝင် ဆယ်ဦးကိုဖမ်းဆီးမိခဲ့ကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

တရားမဝင် ပြောင်းရွှေ့နေထိုင်သူများကို သယ်ဆောင်လာသော ပစ်ကပ်ကားသုံးစီးအနက် တစ်စီးနှင့်တိုက်မိ၍လည်း ရဲအရာရှိတစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

မေလ ၃၁ ရက် ည ၁၀ နာရီခန့်တွင် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသအာဏာပိုင်များပါဝင်သော ပူးတွဲလုံခြုံရေးအဖွဲ့တစ်ဖွဲ့က နုန်လုခရိုင်ခွဲ၊ ဆာနီပွန်ရွာ၏ ဒေသတွင်းလမ်းတစ်ခုအတိုင်း အရှိန်မြှင့်မောင်းလာသော မသင်္ကာဖွယ် ပစ်ကပ်ကားသုံးစီးကို ခြေရာခံတွေ့ရှိခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့အရာရှိများက ၎င်းတို့အားစစ်ဆေးရန် ရပ်တန့်ရေးအတွက်အချက်ပြသော်လည်း ကားသုံးစီး၏ ယာဉ်မောင်းများကအရှိန်မြှင့်ကာ တရကြမ်းမောင်းနှင်ပြေးခဲ့ကြသည်။ ကားတစ်စီးက ဝင်တိုက်မိ၍ ရဲမှူး ပါသီပန် ရာဝန်မှာဒဏ်ရာရရှိပြီး ဆန်ခလာဘူရီခရိုင်ဆေးရုံသို့ အမြန်တင်ပို့ခဲ့ရသည်။

ခေတ္တအကြာမှာပင် မောင်းနှင်ထွက်ပြေးသည့် ပစ်ကပ်ကားတစ်စီးမှာ နုန်လုမြို့အတွင်း တည်းခိုခန်းတစ်ခုအနီး၌ လမ်းဘေးမြောင်းတစ်ခုအတွင်း ထိုးကျတိမ်းမှောက်နေကြောင်း သတင်းပို့ချက်ကို ရရှိခဲ့ကြသည်။ သွားရောက်စစ်ဆေးရာတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား ခိုးသွင်းမှုတွင် အသုံးပြုသည့် မောင်းနှင်ထွက်ပြေးသော ပစ်ကပ်ကားသုံးစီးအနက် တစ်စီးမှာ တိမ်းမှောက်လျက်ရှိသည်ကို တွေ့ကြရပြီး မြန်မာနိုင်ငံသားတစ်ဦးမှာ ကားအပျက်အစီးများအကြား သေဆုံးနေသည်ကို တွေ့ကြရသည်။ ၎င်းမှာ အသက် ၂၂ နှစ်ရှိ ဇော်လန်ဂူ(Zaw Leng Gu)ဆိုသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့အတူ ဖမ်းမိသည့် တရားမဝင်ပြောင်းရွှေ့နေထိုင်သူ မြန်မာနိုင်ငံသားဆယ်ဦးကိုလည်း ဥပဒေ‌ကြောင်းအရ အရေးယူနိုင်ရန် ဆန်ခလာဘူရီခရိုင်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Ref—– Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News