MT News

Written by Nay Aung

တရုတ်နှင့် မြန်မာနိုင်ငံတို့သည် အွန်လိုင်းမှတစ်ဆင့် ရာဇဝတ်မှုကျူးလွန်သောအင်အားစုများနှင့် လူပုဂ္ဂိုလ်များအား အစွမ်းကုန် အရေးယူဆောင်ရွက်ပြီး တိမ်းရှောင်နိုင်မည့်နေရာ လုံးဝမရှိစေအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးချန်ဟိုင်းကထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် မေလ ၃၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံသည် အွန်လိုင်းအသုံးပြုကာလိမ်လည်မှု စသည့် တရားမဝင်လုပ်ရပ်များကြောင့် ပြည်သူလူထုနှင့် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်မှုများကို များစွာအလေးထားကြောင်း၊ တရုတ်သံအမတ်ကြီးက ပြောသည်။ နှစ်နိုင်ငံစလုံးသည် အခြားသက်ဆိုင်သူများနှင့်အတူ မြန်မာနိုင်ငံနယ်စပ်ဒေသရှိ လိမ်လည်မှုများနှင့်ပတ်သက်ပြီး အထူးတိုက်ဖျက်နှိမ်နင်းရေးကို ဆက်တိုက်ဆောင်ရွက်လျက်ရှိပြီး ကနဦး အကျိုးရလဒ်များ ရရှိထားပြီဖြစ်ကြောင်း၊ မိမိတို့သည် ပေါင်းစပ်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်၍ အင်တိုက်အားတိုက် လုပ်ဆောင်ပြီး အရင်းခံအကြောင်းတရားများကို ကုစားဖြေရှင်းရမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးချန်ဟိုင်းကပြောသည်။

ထို့အပြင် တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံသည် သက်ဆိုင်ရာလှုပ်ရှားမှုများကို မြန်မာနိုင်ငံအပါအဝင် သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့်အတူ ပူးပေါင်းမြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လူကုန်ကူးခံရသူ၊ လှည့်ဖြားခံရသူများကို ကယ်ထုတ်ပေးမှုများနှင့်အတူ အားကောင်း၍ ထိရောက်သော အစီအမံများဖြင့် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ဆောင်ရွက်ပြီး တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု အလုံးစုံအခြေအနေကို ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ပြောသည်။

Ref——-world.huanqiu

Leave a Reply

Your email address will not be published. Required fields are marked *