၂၅. ၅. ၂၀၂၃
Written by Nay Moe

တပ်မတော်ဘက်မှ ဘက်ပြောင်းခိုလှုံလာသည့် CDMer များဖြင့် ဖွဲ့စည်းထားသည့် PMSAB က ယင်းတို့ ၄၅ ရက်ကြာ ဖမ်းဆီးထားသည့် CDM စစ်ဗိုလ်ဆိုင်ဂုံအား ညှင်းပန်းနှိပ်စက်သက်သေထွက်ဆိုခိုင်းနေမှုအပေါ် KIA နှင့် NUG ကြားဝင်ဖြေရှင်းပေးရန် Warrior Of Liberation Force (WOLF)က တောင်းဆိုထားသည်။

KIA G1 တစ်ဦးနှင့် PMSAB တို့ ပူးပေါင်းဖမ်းဆီးထားသည့် CDM စစ်ဗိုလ်ဆိုင်ဂုံအပါအဝင် ၇ ဦးနှင့် စပ်လျဥ်း၍ မေ ၂၄ရက်နေ့တွင် မဲဆောက်နှင့် တတိယနိုင်ငံများ၌ အခြေစိုက်သော တပ်မှ ဘက်ပြောင်းခိုလှုံလာသည့် CDMer များဖြင့် ဖွဲ့စည်းထားသော ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB) အဖွဲ့ဝင်များ၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွင် ၎င်းတို့၏ ဖမ်းဆီးခြင်းခံထားရသော WOLF တပ်ဖွဲ့ဝင် ၇ ဦးနှင့် WOLF တပ်ဖွဲ့ဝင်များ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပထမဆုံးအနေဖြင့် PMSAB အဖွဲ့ဝင်များမှ ၎င်းတို့သည် စစ်တပ်တစ်တပ်ကို ထူထောင်ကွပ်ကဲနေသူများဖြစ်ကြောင်း မိတ်ဆက်ခဲ့သည်။ ထိုကဲ့သို့ ဗဟိုစစ်ကော်မရှင်ခံယူခဲ့သူများအား မိမိတို့ မြေပြင်တပ်ရင်းရဲဘော်များမှ ယခင်က မသိခဲ့ကြောင်း ပြန်လည်ပြောဆိုရာတွင် “PMSAB အနေဖြင့် ငွေကြေးထောက်ပံ့ခဲ့သည့်အတွက် ဗဟိုစစ်ကော်မရှင်အဖြစ် ခံယူထားကြောင်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို မြေပြင်ရဲဘော်များမှ လိုက်နာရမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ထို့နောက် PMSAB ဖမ်းထားသည့် CDM စစ်ဗိုလ် WOLF တပ်ရင်းမှုးဗိုလ်ဆိုင်ဂုံအား စစ်ဆေးမေးမြန်းခဲ့ပြီး ထိုသို့စစ်ဆေးမေးမြန်းချိန်တွင် ၎င်းအား ဖိအားပေးပြောဆိုခိုင်းသည်ဟု ယူဆရသည့် မသင်္ကာဖွယ်ရာ အချက်များတွေ့ရှိခဲ့သည်။ အဆိုပါ ကိစ္စရပ်ထဲမှ ဖြစ်စဥ်တစ်ခုမှာ တပ်ရင်းမှူးဗိုလ်ဆိုင်ဂုံသည် လက်နက်ရောင်းစားရန်အတွက် ဒုတိယတပ်ရင်းမှူးနှင့် ရဲဘော်စာကလေးအား တိုင်ပင်သည်ဟု ထွက်ဆိုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လက်နက်များကို သရက်ခရိုင် တပ်ရင်း(၄) နှင့် မင်းတုန်း ပကဖအဖွဲ့ဝင် ကိုဇော်ဂျီအားရောင်းချမည်ဟုလည်း ဖိအားပေးထွက်ဆိုခဲ့သည်။

ထိုသို့ WOLF တပ်ရင်းမှူးထွက်ဆိုခဲ့သော အချက်အလက်များနှင့် ပတ်သက်ပြီး မိမိတို့တပ်ရင်းရှိ မည်သူ့ကိုမျှ ထုတ်ဖော်ပြောဆိုခြင်း ဆွေးနွေးတိုင်ပင်ခဲ့ခြင်း အလျဉ်းမရှိခဲ့ဘဲ ထိုကဲ့သို့ ဖိအားပေးထွက်ဆိုခိုင်းခြင်းသည် NUG-MOD တပ်ရင်းနှင့် ပကဖ အဖွဲ့ဝင်များအား ပြည်သူလူထုယုံကြည်မှုကျဆင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း WOLF က ဆိုသည်။

ထိုဖြစ်စဥ်အရ တပ်ရင်းမှူးဗိုလ်ဆိုင်ဂုံသည် ဖိအားပေးခြိမ်းခြောက်ခံရကာ ထွက်ဆိုရသည် ထင်ရှားပြီး ဖိအားပေးသက်သေထွက်ဆိုခိုင်းခြင်းသည် အကျုံးမဝင်သောကြောင့် PMSAB ဖမ်းထားသည့် WOLF တပ်ရင်းမှူး CDM ဗိုလ်ဆိုင်ဂုံအပါအဝင် ခုနစ်ဦးအား NUG ထံမှ ရှေ့နေများရှေ့တွင် ကြားနာစစ်ဆေးရန်နှင့် KIA သို့မဟုတ် NUG ထံသို့ လွှဲပြောင်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။

သို့သော် ထိုတောင်းဆိုချက်များအား PMSAB က ငြင်းပယ်ခဲ့ပြီး အဆိုပါလုပ်ရပ်ကို ကြည့်ရှုခြင်းဖြင့် ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိ အမှန်တရားအား မဖော်ထုတ်ရဲသည့်အတွက်ကြောင့် ငြင်းပယ်သည်ဟု သတ်မှတ်နိုင်၍ KIA နှင့် NUG တို့အား ကြားဝင်ဖြေရှင်းပေးဖို့ရန် WOLF က တောင်းဆိုလိုက်ကြောင်း သိရသည်။

ယမန်နေ့က သတင်းဖတ်ရှုရန်

https://www.facebook.com/100084427521875/posts/pfbid02oxxws6wAXQr7KTv91fdYZx94vnFXwre613tpaYeaAmwsiTnCXYtt4Mjf6XWE5r2El/?mibextid=cr9u03

Leave a Reply

Your email address will not be published. Required fields are marked *