မိုခါကြောင့် ထိခိုက်သည့် မြင်ကွင်းအချို့ (Photo- MOI)

၁၅. ၅. ၂၀၂၃
Written by Ye Kyaw

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ/ဆေးခန်း၊ သာသနိကဆိုင်ရာနှင့် ဘုန်ကြီးကျောင်း စသည့်တို့အပါအဝင် အဆောက်အဦ ၉၉၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မေလ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

မိုခါဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ လူနေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၃ ဦးသေဆုံးကာ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မေလ ၁၄ ရက်နေ့တွင် တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၈၅ ခု၌ လူနေအိမ် ၅၈၈ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၉ လုံး၊ ဈေး ၁ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁ တိုင်၊ လမ်းမီးတိုင် ၇ တိုင်၊ ထရန်စဖော်မာ ၁ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၂၆ လုံး၊ အခြားပျက်စီးမှု ၁၈၁ ခု ပျက်စီးဆုံးရှုံးခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄၄ ခု၌ လူနေအိမ် ၁၂ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ လေဆိပ်နားနေဆောင် ၁ လုံး၊ လမ်းမီးတိုင် ၈ တိုင်၊ ထရန်စဖော်မာ ၁ လုံးနှင့် အုတ်တံတိုင်း ၁ ခု ၊ ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၅ ခု၌ လူနေအိမ် ၂ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇ ခု၌ လူနေအိမ် ၁ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၃ တိုင်၊ လမ်းမီးတိုင် ၁ တိုင်၊ အုတ်တံတိုင်း ၃ ခု၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၇၂ ခု၌ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၂ တိုင်၊ လမ်းမီးတိုင် ၁ တိုင်၊ ဆိုင်းဘုတ် ၁ ခုနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၄ ခု၌ လူနေအိမ် ၂ လုံး၊ လမ်းမီးတိုင် ၉ တိုင်၊ အုတ်တံတိုင်း ၃ ခုနှင့် ဒေသခံပြည်သူများ၏ စိုက်ခင်း ၇၈ ခင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း၌ သာသနိကအဆောက်အဦ ၄ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၅ ခု၌ လူနေအိမ် ၁၅ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၄ ကျောင်း၊ ဆက်သွယ်ရေးတာဝါတိုင် ၁ တိုင်၊ လမ်းမီးတိုင် ၃၆ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၆ လုံး၊ ဘောလုံးကွင်း ၁ ကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ခု၌ လူနေအိမ် ၁၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၅ လုံး၊ လမ်းမီးတိုင် ၉ တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ ၃ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်တွေမြို့တွင် ပြည်သူတစ်ဦး ၁ ဦး၊ တောင်ကုတ်နှင့် ရေကြည်မြို့တို့တွင် ပြည်သူ ၁ ဦးစီအပါအဝင် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ အလားတူ ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရသေ့တောင်မြို့၊ ပေါက်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် အသေးစိတ်ထပ်မံစစ်ဆေးမှု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)”မိုခါ” (MOCHA) ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လက်ခံရရယူခဲ့ပြီး စုစုပေါင်းအလှုငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *