၁၁. ၅. ၂၀၂၃
Written by Pan Ei
အက်ရှင်မင်းသားကြီး ဂျက်ကီချန်းဟာ လူငယ်တွေနဲ့ စကားမပြောနိုင်ဘူး၊ သူတို့ပြောတာတွေ နားမလည်ဘူး ဆိုတဲ့ အကြောင်းကို သူ့ရဲ့နောက်ဆုံးထွက်ရုပ်ရှင် Ride On ကို ပရိုမိုးရှင်းလုပ်နေစဉ်အတွင်းမှာ ဝန်ခံခဲ့ပြီး သူ့ရဲ့အတွေးအမြင်တွေကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီး ဂျက်ကီချန်းဟာ မကြာသေးမီက တရုတ်နိုင်ငံမှ အစီအစဉ်တင်ဆက်သူ လုဂျီအန် ရဲ့ စကားပြောရှိုးတစ်ခုမှာ Ride On ဇာတ်ကား ပရိုမိုးရှင်းလုပ်ဖို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ လုဂျီအန်က ဒီဇာတ်လမ်းထဲမှာ ဂျက်ကီချန်းရဲ့ ဇာတ်ကောင်ကို “အလုပ်အတွက် အပြည့်အဝ ဇောက်ချလုပ်ကိုင်သူ” အဖြစ် ဖော်ပြခဲ့ရာမှာတော့ ဂျက်ကီချန်းက ချက်ချင်းသဘောတူပြီး သူက လက်တွေ့ဘဝမှာလည်း ဒီလိုပါပဲလို့ ပြောကြားခဲ့ပါတယ်။
Ride On ထဲမှာ ဂျက်ကီချန်းဟာ သူရဲ့ အကြွေးတွေဆပ်ဖို့အတွက် သူ့ရဲ့ စတန့်မြင်းကို လေလံတင်ရောင်းချရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာ ကွဲကွာနေတဲ့ သမီးဖြစ်သူထံက အကူအညီတောင်းရတဲ့ ဆင်းရဲနွမ်းပါးတဲ့ စတန့်သမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပြီး အဆိုပါဇာတ်ကောင်ဟာ “လက်ရှိမျိုးဆက်နဲ့ အဆက်ပြတ်နေပုံရှိတယ်နော်” လို့ အစီအစဉ်တင်ဆက်သူက ပြောတဲ့အခါမှာ ဂျက်ကီချန်းကလည်း သူကိုယ်တိုင်လည်း အဲ့ဒီလိုပုံစံနဲ့ ဆင်တူတယ်လို့ ဝန်ခံခဲ့ပါတယ်။
“လူငယ်တွေနဲ့ စကားမပြောနိုင်ဘူးဆိုတာ ဝန်ခံပါတယ်။ ဥပမာအနေနဲ့ ခုခေတ်က ရိုက်ကွင်းမှာသုံးတဲ့ စက်ပစ္စည်းတွေကို မြင်ရတဲ့အခါ အံ့သြမိပါတယ်။ တစ်ခါတလေ Reality Show တွေ ရိုက်ကူးတဲ့အခါမှာလည်း ကင်မရာတွေက ၄၀ ကျော်ရှိတယ်။ အခုလူငယ်တွေ ဘာတွေပြောနေလဲ နားမလည်ဘူး။ သူတို့ပြောတာတွေကို ငါမသိဘူး။ သူတို့ဘာသာစကားနဲ့ လုံးဝ အဆက်အသွယ် ပြတ်နေတယ်” လို့ ဂျက်ကီချန်းက ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့ ဂျက်ကီချန်းက “ကျွန်တော့်မှာ WeChat တောင် မရှိဘူး။ လူငယ်တွေက သူတို့ရဲ့ ဖုန်းတွေပေါ်မှာ အချိန်အများကြီး ဖြုန်းတီးနေတာကို ငါတွေ့လာရတယ်။ ငါကတော့ အချိန်ဖြုန်းတာထက် စဉ်းစားတွေးခေါ်တာ၊ ရုပ်ရှင်ကောင်းကောင်းကြည့်တာ၊ သီချင်းနားထောင်တာ၊ မန်ဒရင်းတရုတ်စာ သင်ယူတာ၊ ကဗျာတွေ ပိုနားထောင်တာ၊ အသုံးဝင်တဲ့အရာတွေကို ကြည့်တာ၊ အစည်းအဝေးတွေ တက်တာ၊ ဇာတ်ညွှန်းတွေ ဖတ်တာ၊ အက်ရှင်ပညာ၊ သိုင်းပညာတွေကို လေ့ကျင့်တာတွေပဲ ပိုလုပ်ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ် ။
အဆိုပါ အစီအစဉ် ထုတ်လွှင့်ပြီးတဲ့နောက်မှာ ဂျက်ကီချန်းရဲ့ အပြုသဘောဆောင်တဲ့ သင်ယူမှုသဘောထားအတွက် အင်တာနက်အသုံးပြုသူတွေက ချီးကျူးခဲ့ကြပါတယ်။
Ref; CNA


