MT News

၂. ၅. ၂၀၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော်ဓာတ် စီသွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို မေလ ၁ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ဦးဆောင်ဘုရားဒါယကာ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်သည်။

အခမ်းအနားသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ဩဝါဒါစရိယ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော်နေရာ၌ ၃ ကီလိုဂရမ်ရှိ သန့်စင်သည့်သလင်းကျောက်ကြီးတစ်ပွင့်၊ စိန်ပွင့်ကြီး ၂ ပွင့်နှင့် စိန်ပွင့်ငယ် ၄၄ ပွင့်တို့ကို ဥဏ္ဏလုံမွေးရှင်တော် ဓာတ်စီသွင်း ပူဇော်ခဲ့သည်။

အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် စီသွင်းပူဇော်သည့် ဥဏ္ဏလုံ မွေးရှင်တော်မြတ်တွင် ၁၈ ဒသမ ၀၈ ရတီရှိ စိန်ပွင့်ကြီး ၂ ပွင့်၊ ၄ ဒသမ ၃၄ ရတီရှိ စိန်ပွင့် အသေး ၄၄ ပွင့်၊ သလင်းကျောက် ၅၃ ပွင့်၊ ရွှေ(၁၂ ပဲအရည်) ၃ ကျပ်သား၊ ၁ ပဲ ၄ ရွေး၊ ငွေ ၄၂၇ ကျပ်သား ၈ ပဲရှိကြောင်း သိရှိရသည်။

“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်မှုမှာ ယခုအခါ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ထိုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်နေသည့်နည်းတူ သာသနိကအဆောက်အဦများစွာကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိရာ ထို သာသနိကအဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာလည်း ၈၂ ဒသမ ၃ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *