MT News

Translated by Htwe Ko Tun

မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ၊ ဆန်ခလာဘူရီခရိုင်အတွင်းသို့ အလုပ်ရှာဖွေရန်အတွက်ဟုဆိုကာ ဧပြီလ ၂၆ ရက်ညက နယ်စပ်ကို ဥပဒေနှင့်မညီဖြတ်လျက် တရားမဝင် ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံသား ၄၂ ဦး ကို ဖမ်းမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဧပြီလ ၂၇ ရက်တွင် ပြောခဲ့သည်။

ထိုသို့ဝင်ရောက်လာသော မြန်မာနိုင်ငံသားအုပ်စုကို နုန်လု ခရိုင်ခွဲ၊ ဆုံကာလီယာရွာအနီးတွင် ရောက်ရှိနေ‌ကြောင်းသိရ၍ ထိုင်းအာဏာပိုင်များ ရောက်ရှိလာခဲ့ရာတွင် ၎င်းတို့က ဦးစွာ ထွက်ပြေးသွားခဲ့ကြသည်။ ဆက်လက်၍ ၎င်းတို့က နုန်လုခရိုင်ခွဲ၊ ဝမ်ကကျေးရွာအတွင်းလှေဆိပ်သို့ ကားတစ်စီးနှင့်ဦးတည်သွားနေကြောင်း အာဏာပိုင်များအား သတင်းပေးပို့လာချက်အရ လှေဆိပ်အနောက်ဘက် ဗာဂျီရာလောင်ကွန်ဆည်အနီး ရဲအရာရှိများက စောင့်ဆိုင်းဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ဖမ်းမိရာတွင် အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၂ ဦးကို ဖမ်းမိခဲ့ကာ ၎င်းတို့အားလုံးက မြန်မာနိုင်ငံသားများဖြစ်ကြပြီး ခရီးသွားစာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာမျှ ၎င်းတို့တွင် မပါရှိကြောင်းလည်း တွေ့ခဲ့ရသည်။

စစ်ဆေးချက်များအရ ၎င်းတို့က မြန်မာနိုင်ငံအနှံ့ မန္တလေး၊ ပဲခူးနှင့် ရန်ကုန် စသောမြို့များမှဖြစ်ကြပြီး ဆန်ခလာဘူရီခရိုင်အတွင်း တောလမ်းတစ်ခုမှ ဝင်ရောက်လာကြခြင်းဟု သိရသည်။ ၎င်းတို့က ထိုင်းနိုင်ငံအတွင်း ဘန်ကောက်၊ ချောင်ဘူရီ၊ ဖူးခက်၊ ဆာမွတ်ပရာခန်၊ ဆာမွတ်ဆာခွန်နှင့် ရာယွန်တို့တွင် အလုပ်ရှာလုပ်ကိုင်ကြရန်ဖြစ်ပြီး အချို့က မလေးရှားနိုင်ငံအတွင်း အလုပ်ကမ်းလှမ်းမှုများ ရထားခဲ့သည်ဟု ဆိုကြသည်။

အဆိုပါ မြန်မာနိုင်ငံသား အလုပ်ရှာဖွေသူများက ၎င်းတို့သွားမည့်နေရာများသို့ ရောက်ရှိရန်အတွက် အလုပ်ပွဲစားများအား တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ မှ ဘတ် ၃၀,၀၀၀ ပေးခဲ့ရကြောင်းလည်း ဝန်ခံခဲ့ကြသည်။ ၎င်းတို့အား ဆန်ခလာဘူရီခရိုင်ရဲစခန်းသို့လွှဲပေးကာ တရားဥပဒေအတိုင်းဆောင်ရွက်သွားမည်ဟု အာဏာပိုင်များက ပြောခဲ့သည်။

လွန်ခဲ့သောနှစ်နှစ်အတွင်း မြန်မာနိုင်ငံ၌ စီးပွားရေးမတည်ငြိမ်မှုများနှင့်ရင်ဆိုင်ခဲ့ရချိန်တွင် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများစွာလည်းဝင်ရောက်ခဲ့သည်။၂၀၂၁ ခုနှစ် တစ်နှစ်တည်း၌ပင် အဓိကအားဖြင့် မြန်မာနိုင်ငံဘက်မှ နယ်စပ်ကိုဖြတ်လျက် တရားမဝင် ဝင်ရောက်လာသူ ၈၀,၀၀၀ ခန့်ဖမ်းဆီးရမိခဲ့သည်ဟုခန့်မှန်းရသည်။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသည့် အုပ်စုများကမူ ၁၀၀,၀၀၀ ခန့်ရှိသော တရားမဝင်ဝင်ရောက်သူများက ထိုင်းနိုင်ငံတစ်ဝန်း ဒေသအများအပြားတွင် အာဏာပိုင်များကိုရှောင်တိမ်းကာ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် လုပ်ကိုင်‌နေကြကြောင်း ပြောခဲ့ကြသည်။

Ref—The Thaiger

#thai#thailand#malaysia

#mtnews#myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *