ဓာတ်ပုံ - ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဌာနခွဲ

၂၆. ၄ .၂၀၂၃
Written by Hey Mar

နည်းစနစ်မမှန်သည့် ငါးဖမ်းနည်းများကြောင့် ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်တချို့ကို သယံဇာတထိန်းသိမ်းရေးလုပ်ငန်းစဥ်အဖြစ် အဓိကထား စမ်းသပ်မွေးမြူလျှက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန မွေးမြူရေးဌာနခွဲမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

အဓိကထား မွေးမြူနေသည့် ငါးမျိုးစိတ်များမှာ ငါးပတ်၊ ငါးနုသန်း၊ ငါးဖိန်းနှင့် ငါးဖန်းမမျိုးစိတ်များဖြစ်ပြီး ဆေးထိုးသားဖောက်နည်းနှင့် မွေးမြူကာ ရေအရှင်တွင် ကျင်လည်ကျက်စားသည့် ငါးမျိုးစိတ်များဖြစ်သဖြင့် သဘာဝနှင့် အနီးစပ်ဆုံး ဖော်ဆောင်ဖန်တီးကာ အောင်မြင်အောင် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

“ငါးဦးစီးက ငါးနုသန်း၊ ငါးပတ်၊ ငါးဖန်းမ၊ ငါးဖိန်း အဲဒီငါးတွေကို ဆေးထိုးသားဖောက်နည်းနဲ့ မွေးမြူလို့ရမလား စမ်းသပ်နေတယ်။ အောင်မြင်မှု ရာခိုင်နှုန်းအနေနဲ့ကတော့ မနှစ်က မိုးရာသီမှာ ငါးပတ်ကစပြီး စမ်းသပ်မွေးမြူထားတာ သား စပေါက်နေပြီပေါ့။ သူ့ကို ရေအရှင်နဲ့ အခု ဖန်တီးပြုလုပ်ထားတဲ့ ရေကန်မှာ ကြီးထွားနှုန်း၊ ကျန်းမာစွာကြီးပြင်းနှုန်း ဒါတွေကို နှိုင်းယှဥ်လေ့လာချက်အရ ၅၀ – ၅၀ လို့ ပြောနိုင်တယ်။ ငါးဖန်းမက ဒီနှစ်မှ စဖောက်မှာ။ ငါးနုသန်းလည်း အတူတူပဲပေါ့။ လက်ရှိကတော့ သူတို့ရဲ့ သဘာဝကို လေ့လာဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ အစားအသောက်၊ အလေ့အထ၊ သားပေါက်တဲ့ အလေ့အထ ဒါတွေကို သဘာဝကနေဖမ်းပြီး လေ့လာစမ်းသပ်မှုတွေ လုပ်နေတယ်။ ငါးဖိန်း ဆိုလည်း အင်းလေးဒေသ အင်းလေးကန်ထဲက နာမည်ကြီးငါး။ အခု ရှားတာမှ တွေ့ဖို့တောင်ခက်နေပြီ”ဟု ငါးလုပ်ငန်းဦးစီးဌာန မွေးမြူရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှုး ဦးကျော်မိုးအောင်က MT News၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အဆိုပါ ငါးများအား ယခုလို စမ်းသပ်မွေးမြူဆောင်ရွက်ရခြင်းမှာ စျေးကွက်ဝယ်လိုအားထက် မြန်မာ့မျိုးရင်း ငါးမျိုးစိတ်များဖြစ်သဖြင့် စျေးကွက်က ဒုတိယတန်း၊ သယံဇာတထိန်းသည့် လုပ်ငန်းစဥ်က ပထမတန်း ဦးစားပေးအနေဖြင့် ထိန်းသိမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

သုတေသန ပြုလုပ်သည့် စခန်းများဖြစ်ကြသော ပဲခူးတိုင်းဒေသကြီး သနပ်ပင်စခန်းတွင် ငါးဖန်းမကို မွေးမြူစမ်းသပ်လျှက်ရှိပြီး ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် အင်းငါးဟုလူသိများသည့် ငါးဖိန်းငါး စမ်းသပ်မွေးမြူထိန်းသိမ်းရေးစခန်းနှင့် မန္တလေးတိုင်းဒေသကြီး သရက်ကုန်းမွေးမြူရေးစခန်းတွင် ငါးပတ် ငါးမွေးမြူသားပေါက်လေ့လာရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ စီးပွားဖြစ် ဖြစ်ထွန်းအောင်မြင်နေသော မွေးမြူရေး ငါးမျိုးစိတ်များမှာ ငါးမြစ်ချင်း၊ ငါးကြင်း၊ ရွှေဝါငါးကြင်း၊ ငါးတန်၊ ငါးခုံးမကြီးနှင့် ငါးကြင်းဖြူတို့ဖြစ်ကြပြီး အဆိုပါငါးများမှာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပစျေးကွက်မှလည်း ဝင်ငွေတစ်ခုရရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *