ဓာတ်ပုံ- ရောင်စဥ်မဲ့/ သာကေတ လူမှုကူညီရေးအသင်း
MT News
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၇ စျေးလမ်းမနှင့် ပတ္တမြားလမ်းထိပ်တွင် ဧပြီလ ၂၂ ရက် ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က YBS ယာဥ်နှင့် ဆိုင်ကယ်ဘေးတွဲယာဥ် တိုက်မိပြီး ဘေးတွဲယာဥ်ပေါ်မှ စီးနင်းလာသူများ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သာကေတ လူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဥ်မှာ လိုင်းကားနှင့် ဆိုက်တွဲ တိုက်မိကြောင်း ရပ်ကွက်နေပြည်သူတချို့မှ အကြောင်းကြားလာ၍ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီရာတွင် လူနာအမျိုးသား(၁)ဦး၊ အမျိုးသမီး (၂)ဦး၊ ကလေး (၃)ဦးတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာာ မြေပြင်ကုသမှုများ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။
သာကေတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ကားက မိန်းလမ်းအတိုင်း လာတာကို ဆိုက်တွဲက ဖြတ်ထွက်တာ။ ဆိုက်တွဲပေါ်က လူအကုန် ဒဏ်ရာများတယ်။ ကလေးတစ်ဦးကတော့ အနီရောင်အဆင့် သတ်မှတ်ပါတယ်”ဟု MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ထိုလူနာများအား ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း၊ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်း(မိတ်ဖက်) တို့မှ လူနာတင်ယာဉ်တို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။







