၂၄. ၄. ၂၀၂၃
Written by Tha Doe
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျား ရွာအရှေ့ကုန်းထိပ် မိုင်တိုင် ၃၇/ ၃ အနီး တွင် ဘုရားဖူး Express ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးလုံး ပျက်စီးဆုံးရှုံးသော်လည်း ယာဉ်ပေါ်လိုက်ပါလာသည့် ဘုရားဖူးခရီးသွားများ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ အန္တရာယ်ကင်းရှင်းကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့မနက် ၁၁ နာရီခွဲခန့်အချိန် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျား ရွာအရှေ့ကုန်းထိပ် မိုင်တိုင် ၃၇/ ၃ အနီး ဘုရားဖူး Express ကားတစ်စီး လေအိတ်ပေါက်ပြီး ဘရိတ်ရှူးငြိကာ တာယာအပူရှိန်မြှင့်တက်နေချိန်တွင် ရေလောင်းမိလိုက်ရာမှ တာယာပွင့်ထွက်ပြီး အမှတ်မထင် မီးလောင်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးယာဉ်မှာ ပုဂံမြို့မှ ဘုရားဖူးပြန်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကလေးငယ်များအပါအဝင် ခရီးသည် ၅၀ မှာ ဘေးကင်းသော်လည်း ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် ပစ္စည်းများမှာမူ ဆုံးရှုံးလိုက်ရကြောင်း မေတ္တာမွန် လူမှုကူညီရေးအသင်းမှ ကိုမြတ်မိုး၏ ပြောပြချက်အရ သိရသည်။
“ ခရီးသည်တွေကတော့ လောလောဆယ် လက်ပံပျားဘုန်းကြီးကျောင်းထဲမှာပဲ စီစဉ်ပေးထားပါတယ် ခင်ဗျ။ ဘုရားဖူးကတော့ ကလေးအပါအဝင် လူ ၅၀ ပါ။ လူတွေ အကုန်အန္တရာယ်ကင်းပေမဲ့ ကားပေါ်ကျန်တဲ့ ပစ္စည်းအတော်များများကတော့ ပြန်မရပါဘူး။ သူတို့က ပုဂံဘက်ကနေ ဘုရားဖူးပြန်လာကြတာ။ လောလောဆယ်တော့ ဘုရားဖူးတွေ အိမ်ပြန်ဖို့ရော၊ စားဝတ်နေရေးအကုန်လုံးကို စီစဉ်ပေးထားပါတယ် ခင်ဗျ”ဟု ကိုမြတ်မိုးက MT News သို့ ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို လက်ပံပျား ကျေးရွာသူရွာသားများ၊ လူငယ်များ၊ မေတ္တာမွန်လူမှုကူညီရေးနှင့် ကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ လက်ပံပျားတိုက်နယ် မီးသတ်တပ်ဖွဲ့၊ လက်ပံပျားရဲစခန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အများပြည်သူများ ပူးပေါင်းကူညီဆောင်ရွက်ပေးမှုကြောင့် မော်တော်ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဘေးကင်းစွာ ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်ဟုလည်း သိရသည်။











