MT News
Written by Hey Mar
မကွေးမြို့နယ်၊ ဆူးကောက်စမ်းကျေးရွာမြောက်ဘက်တွင် နွားကျောင်းသွားရင်း အသက် ၅၈ နှစ်အရွယ် အဖေဖြစ်သူနှင့် အသက် ၃၅ နှစ်အရွယ် သားဖြစ်သူတို့ မိုးကြိုးပစ်ခံရ၍ သေဆုံးသည့်ဖြစ်စဥ်တစ်ခု ဧပြီလ ၂၂ ရက် ည ၈ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း မကွေးမြို့နယ်အခြေစိုက် ရောင်စုံမေတ္တာ ပရဟိတအသင်းမှ သိရသည်။
ဖြစ်စဥ် အသေးစိတ်မှာ ဧပြီလ ၂၂ ရက် ညနေ ၅ နာရီဝန်းကျင်က အဆိုပါကျေးရွာနှင့် ကျေးရွာအနီးတဝိုက်တွင် လေပြင်းတိုက်ခတ်မှုရှိကြောင်း၊ ထို့နောက် မိုးရွာသွန်းကြောင်း၊ နွားပြန်လည်သိမ်းသည့် သားအဖနှစ်ဦး မိုးချုပ်ချိန်အထိ ပြန်မရောက်လာသဖြင့် မိုးတိတ်ချိန်လိုက်လံကြည့်ရှုရာမှ ယခုလို သေဆုံးနေသည်ကို သိရှိကြကြောင်း ဒေသခံများ၏ ပြောကြားချက်များကို ရောင်စုံမေတ္တာ ပရဟိတအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
“ကျွန်တော်ရောက်တော့ တွေ့ရတဲ့ပုံစံက သားဖြစ်သူက မျက်လုံးထဲက သွေးထွက်ပြီး မျက်နှာက ညိုမဲနေတယ်။ အဖေမှာက နားထင်တွေမှာ ဆံပင်တွေမီးလောင်ရင် တွေ့ရသလိုမျိုး လောင်ထားတဲ့ ပုံစံတွေ့ရပါတယ်။ ခွေးကလည်း ထိုနည်းတူပဲ အမွှေးတွေ မီးမြှိုက်သလိုဖြစ်နေတာ”ဟု MT News ၏ စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
သေဆုံးသူများအား ရောင်စုံမေတ္တာအသင်းရုံးမှ ကား (၂)စီး ဖြင့်သွားရောက်သယ်ဆောင်ပေးကာ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
