MT News
၂၄. ၄. ၂၀၂၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းအား ရှောင်ကွင်းသယ် ဆောင်သည့် ငွေကျပ် ၁၀ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများအား ကျေးလက်သွားလမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်းအား ရှောင်ကွင်း၍ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၉ ရက် နံနက် ၉ နာရီခွဲအချိန် သာစည်မြို့နယ်၊ ယင်းမာပင်ကျေးမှ တောင်ဂွကျေးရွာသွားလမ်းတွင် ဝေဠုသုတ မောင်းနှင်ပြီး သူရအောင် လိုက်ပါလာသည့် NISSAN CABSTAR မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်တွင် ပုလင်းခွံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၀ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၁၈ သန်း၊ ကက်တမင်း ၁၀ ကီလိုနှင့် စိတ်ပြောင်းဆေးဝါး(Happy water) ၄ ဒသမ ၁၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တာဝန်သိပြည်သူများ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း CCDAC MYANMAR က သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
