၁၂. ၁၀. ၂၀၂၂

Written by Naing Thuta

မန္တလေး မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာ ၂၅၆၆ ပါးအား ဆွမ်းလောင်းလှူပွဲကို အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရင်းတွင် ဗုဒ္ဓဘာသာသူတော်စင်များတည်ထားကိုးကွယ်သော ကျောက်တော်ကြီးမြတ်စွာဘုရား၌ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (အောက်တိုဘာ ၁၂ ရက်)၊ နံနက် ၇ နာရီခွဲတွင် ၁၃၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းလောင်းပွဲကို မန္တလေးမြို့ လေးပြင်လေးရပ်မှ ပင့်သံဃာ ၂၅၆၆ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းသပိတ်နှင့်တကွ နဝကမ္မအလှူတော်ငွေများ လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

“ဒီနေ့ပွဲလေးက အလွန်မင်္ဂလာရှိတဲ့ သမိုင်းဝင်အလှူတော်ပွဲတစ်ပွဲဖြစ်ပါတယ်။ အစိုးရအဆက်ဆက်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်း အလေးအနက်ထားကာ ပွဲဖြစ်မြောက်အောင် ဂေါပကအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးပြီး စနစ်တကျ ကျင်းပပြုလုပ်လေ့ရှိတယ်။ ဒီနှစ်က ပိုပြီးအလေးနက်ထား စီစဉ်ကြရတယ်။ အတတ်နိုင်ဆုံး ကိုဗစ်-၁၉ စည်းမျဉ်းနဲ့အညီ ကျင်းပနိုင်အောင် စီစဉ်ထားတာပါ။ အခုလို စည်စည်ကားကားနဲ့ အောင်မြင်စွာကျင်းပနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ဂေါပကအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပြီး နံနက် ၉ နာရီတွင် ရဟန်းရှင်လူပြည်သူများမှ ရေစက်ချ သာဓုအနုမောဓနာ မျှဝေမှု ပြုခဲ့ကြောင်း သိရသည်။

၎င်းဆွမ်းလောင်းပွဲကို မင်းတုန်းမင်းတရားကြီးရှိစဉ်ကပင် နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း ပါတော်မူပြီးကာလ၊ ဒုတိယကမ္ဘာ့စစ်ကာလ၊ နိုင်ငံရေးပဋိပက္ခ အရေးအခင်းကာလများနှင့် ကပ်ရောဂါဖြစ်ပွားသည့်ကာလများတွင်ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိပဲ ငြိမ်းချမ်းသည့်ခေတ်ကာလများတွင်မူ စဉ်ဆက်မပျက် ကျင်းပပြုလုပ်ခဲ့သော သမိုင်းဝင်ဘုရားတစ်ဆူလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *