လမ်းဘေးတူးမြောင်းအတွင်း ထိုးကျပက်လက်လန်နေသော ဆယ်ဘီးကားနှင့် ယာဉ်တိမ်းမှောက်မှုကြောင့်သေဆုံးနေသော ဝက်များကို တွေ့ရစဉ်

၁၈.၄.၂၀၂၃
Translated by Htwe Ko Tun

ဝက်များကို သယ်ဆောင်လာသော ဆယ်ဘီးတပ်နောက်တွဲကုန်တင်ယာဉ်တစ်စီးကို မောင်းနှင်လာသော ယာဉ်မောင်းတစ်ဦးမှာ ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆူဖန်ဘူရီပြည်နယ်ကို ဖြတ်သန်းမောင်းနှင်လာစဉ် စတီယာရင်ပေါ်၌ အိပ်ပျော်သွားခဲ့ရာ ကားမှာ တူးမြောင်းတစ်ခုအတွင်း ထိုးကျသွားခဲ့ပြီး ဝက် ၂၇ ကောင် သေဆုံးခဲ့ရမှု ဧပြီလ ၁၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသရဲအရာရှိများက ခေါင်ဖရားဒေသခွဲအတွင်း ဆူဖန်ဘူရီလမ်းမဘေးရှိ ချိုင်နတ်တူးမြောင်းအတွင်း ကျနေသော ကုန်တင်ကားကိုစစ်ဆေးခဲ့ကြရာတွင် ဆယ်ဘီးကုန်တင်ကားမှာ ပက်လက်လန်တိမ်းမှောက်ကာ သယ်ဆောင်လာသည့် ဝက်အကောင် ၁၀၀ ကျော်အနက် အများအပြားသေဆုံးခဲ့ပြီး ကျန်ဝက်များမှာလည်း စူးစူးဝါးဝါးအော်ဟစ်နေကြောင်းတွေ့ခဲ့ရသည်။

ပက်လက်လန်တိမ်းမှောက်နေသော ကားအတွင်းမှ အသက်ရှင်ကျန်နေသော ဝက်များကို ကားအတွင်းမှ ကယ်ထုတ်နိုင်ရန်နှင့် မြောင်းအပြင်ဘက်ရောက်ရှိစေရန် ကယ်ဆယ်ရေးသမားများက တစ်နာရီနီးပါး ကြိုးစားခဲ့ရသည်။ ထို့နောက် သေနေသောဝက်များကို ရဲတပ်ဖွဲ့က ဝန်ချီစက်တစ်စီးဖြင့် မတင်ကာ တိမ်းမှောက်နေသောကားကိုလည်း တူးမြောင်းအတွင်းမှ လမ်းပေါ်သို့ ပြန်လည် မတင်ခဲ့ရသည်။ ကားမှာမဆိုစလောက်သာ ထိခိုက်ပျက်စီးကြောင်း တွေ့ကြရသည်။

အသက် ၄၄ နှစ်ရှိ ဆယ်ဘီးကုန်တင်ယာဉ်မောင်း သာနာပွန် ပရန်တုံက ၎င်းအား ဝက်အကောင် ၁၀၀ ကျော်ကို နာခွန်ဆာဝန်ပြည်နယ်မှ ဆာမွတ်ပရာခန် ပြည်နယ်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းကွေ့တစ်ခုအရောက်တွင် ၎င်းမှာစတင်အိပ်ပျော်သွားခဲ့ပြီး ကားကိုမထိန်းသိမ်းနိုင်ဖြစ်ကာ တူးမြောင်းအတွင်းထိုးကျသွားခဲ့‌ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

အဆိုပါဖြစ်ရပ်တွင် ဝက် ၂၇ ကောင် သေဆုံးခဲ့သော်လည်း ခရီးစဉ်တွင် အတူလိုက်ပါလာသည့် ၎င်း၏ သား နှင့်ညီမဖြစ်သူတို့မှာ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။

Ref——The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *

Related News