Toyota Myanmar က ရောင်းချပေးမည့် ယာဥ်နှစ်မျိုးအား တွေ့ရစဥ်

၁၁.၁၀.၂၀၂၂

Written By A Thaung

Toyota Myanmar မှ မြန်မာပြည်တွင် SKD စနစ်ဖြင့်ထုတ်လုပ်နေသည့် Adventure နှင့် Revo Double Cab နှစ်မျိုးအား ကြိုတင်ငွေပေးသွင်းထားသူများကို ဦးစားပေးရောင်းချသွားမည်ဖြစ်ပြီး ကုမ္ပဏီများအပြင် တစ်ဦးချင်းအသုံးပြုလိုသူများကိုပါ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

Adventure နှင့် Revo Double Cab နှစ်မျိုးအား ပြီးခဲ့သည့်နှစ်ကတည်းက ကြိုတင်ဝယ်ယူထားသူများရှိနေပြီး ယခုအခါ ကြိုတင်ဝယ်ယူထားသူများကို ဦးစားပေးစနစ်ဖြင့် ရောင်းချနေကြောင်း Toyota Myanmar ၏ အရောင်းပိုင်းတာဝန်ခံတစ်ဦးက MT News သို့ ပြောသည်။

“အရင်ကစာချုပ်ချုပ်ပြီးတော့ ကားလိုင်စင်တွေပိတ်လိုက်တော့ အရောင်းရပ်ထားရတဲ့ Customer တွေကိုတော့ ဦးစားပေး List ထဲကနေပြီး ရောင်းမှာပါ။ သူတို့ကကျတော့ စီနီယာအရှေ့ပိုင်းရောက်သလို ဖြစ်သွားတာပေါ့နော်။ သူတို့ကိုတော့ ဦးစားပေးပေါ့။ ဒါပေမယ့် တချို့ Showroom တွေကျတော့ ရှေ့မှာ စာချုပ်ချုပ်ထားတဲ့သူ မရှိဘူးလေ။ မရှိတဲ့အတွက် လတ်တလောဝယ်တဲ့သူကို ရောင်းပေးပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

တဆင့်ပြန်လည်ရောင်းချနေသည့် Showroom များတွင် ၂၀၂၁ ကတည်းက ကြိုတင်စာချုပ်ချုပ်ဝယ်ယူထားသူများရှိနေပြီး ယခုအခါတွင် ကားဝယ်ယူရန်ကြိုတင်စာချုပ်ချုပ်ဆိုထားသူများကို ကားရောင်းချနေကြာင်း သိရသည်။

ကားရောင်းချရာတွင် Toyota Myanmar မှ တဆင့်ပြန်လည်ရောင်းချခွင့်ရှိသည့် Showroom များတွင်သာရောင်းချမည်ဖြစ်ပြီး Showroom များအားလုံးကို ဈေးနှုန်းတစ်တန်းတည်းထား ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း Toyota Myanmar အရောင်းပိုင်းတာဝန်ခံတစ်ဦးက MT News ကိုပြောသည်။

ပြင်ပတွင် ကုမ္ပဏီများကိုသာ ဦးစားပေးရောင်းချမည်ဟု သတင်းများထွက်ပေါ်နေပြီး ထိုသတင်းမှာ မှန်ကန်ခြင်းမရှိကြောင်းနှင့် အမှန်တကယ်အသုံးပြုရန် တစ်ဦးချင်းစနစ်ဖြင့် ဝယ်ယူသူများကိုပါ ရောင်းချပေးမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။

ဈေးနှုန်းကို Toyota အနေဖြင့် အတည်ပြုပြောဆိုနိုင်ခြင်းမရှိသော်လည်း အနိမ့်ဆုံးဈေးနှုန်း ကျပ်သိန်း ၁၅၀၀ သတ်မှတ်ထားကြောင်း တဆင့်ပြန်လည်ရောင်းချခွင့်ရရှိထားသည့် Toyota Showroom တစ်ခု၏ အရောင်းပိုင်းတာဝန်ခံတစ်ဦးက ပြောသည်။

ပြည်တွင်းတွင် SKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်ရောင်းချခွင့်ရှိသည့် Toyota Myanmar အနေဖြင့် သီလဝါအကြီးစားစက်မှုဇုန်တွင် ကားများတပ်ဆင်ထုတ်လုပ်နေပြီး လက်ရှိအချိန်တွင် တပ်ဆင်ထုတ်လုပ်ပြီးစီးသည့် ကားအရေအတွက်အား အတည်ပြုပြောဆိုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *