MT News
၁၃. ၄. ၂၀၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ မြို့အဝင်မုခ်ဦးအနီး ရန်တိုင်းအောင် ဘုရားဝန်းအရှေ့ ပန်းခြံအနီးရှိ ကားများရပ်နားထားသည့်နေရာ၌ မဟာသင်္ကြန်အကြို ယနေ့နံနက်တွင် PDF များက လက်လုပ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးများထိခိုက်မှုမရှိသော်လည်း အပြစ်မဲ့ပြည်သူ လေးဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြိုနေ့အခါသမယတွင် ဒေသခံ ဘုရားဖူးပြည်သူများနှင့် ပန်းခြံသို့ လာရောက်လည်ပတ်သူများ စည်ကားသိုက်မြိုက်လျက်ရှိသည့် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ မြို့ အဝင်မုခ်ဦးအနီး ရန်တိုင်းအောင် ဘုရားဝန်းအရှေ့ ပန်းခြံအနီးရှိ ကားများရပ်နားထားသည့်နေရာ၌ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် Honda Fit အနီရောင်ယာဉ်ပေါ်ထောင်ထားသည့် လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲခဲ့၍ ဘုရားဖူးလာရောက်ကြသည့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
“ဘုရားရှေ့မှာ အရပ်သားတွေနဲ့ ဘုရားဖူးလာတဲ့သူတွေကို မှီခိုနေရတဲ့စျေးသည်တွေပဲရှိတာပါ။ ဘာလက်နက်ကိုင်မှမရှိပါဘူး။ အခုဖြစ်စဥ်မှာ ဘုရားရှေ့စျေးရောင်းတဲ့ပြည်သူတွေ၊ ဘုရားဖူးလာသူတွေပဲထိခိုက်ဒဏ်ရာရတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ နှစ်သစ်ကူးအကြိုအခါသမယတွင် ဘုရားဖူးဒေသခံပြည်သူများနှင့် ပန်းခြံသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည့် နေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
