၁၂. ၄. ၂၀၂၃
Written by Tha Doe
ဟားခါးမြို့ရှိ USDP ပါတီရုံးနှင့် အခြားသောပိုင်ဆိုင်မှုများကိုသိမ်းယူကြောင်း CDF လက်နက်ကိုင်အဖွဲ့၏ Chinland Defence Force Hakha Council က ယနေ့တွင် ကြေညာလိုက်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် SAC ထံ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဟားခါးမြို့နယ်အတွင်းရှိ USDP ပါတီ၏ရုံးနှင့်အခြားသောပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ်သိမ်းလိုက်ကြောင်းနှင့် တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF-Hakha Council က လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CDF-Hakha Council သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသောပါတီများကို ဧပြီ ၉ ရက်မှစ၍ မတရားအသင်းများအဖြစ်သတ်မှတ်သည်ဟုကြေညာချက်လည်း ဧပြီ ၁၁ ရက် ရက်စွဲဖြင့် ကြေညာထားကာ ယင်းပါတီများနှင့်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ပတ်သက်သူများအပေါ် လိုအပ်သော အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်ပြီးနောက် USDP ပါတီရုံးနှင့် ပိုင်ဆိုင်မှုများကို သိမ်းယူလိုက်ခြင်းဖြစ်သည်။
ထိုသို့ သိမ်းယူရာတွင် ပစ္စည်းမည်မျှရရှိပြီး ခန့်မှန်းတန်ဖိုးကိုမူထည့်သွင်းထုတ်ပြန်မှုမရှိသလို မေးမြန်းမှုကိုလည်း ဖြေဆိုခြင်းမရှိချေ။
USDP #Chin #CDF #mtnews
myanmar_transparency_news

