◾ ထိုတိုက်ခိုက်မှုတွင် PDF များထောင်ထားသည့်မိုင်းနှင့် ခဲယမ်းမီးကျောက်သိုလှောင်ထားသည်များကိုထိမှန်၍ ဆင့်ကဲပေါက်ကွဲမှုများကြောင့် ဝန်းရံရန်ခေါ်ထားသူများ ထိခိုက်မှုရှိနိုင်ဟု ဆို
၁၁. ၄. ၂၀၂၃
Written by Nay Moe
ယနေ့တွင် ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုပြုခဲ့ကြောင်းနှင့် ထိုတိုက်ခိုက်မှုတွင် PDF များထောင်ထားသည့်မိုင်းနှင့် ခဲယမ်းမီးကျောက်သိုလှောင်ထားသည်များကိုထိမှန်၍ ဆင့်ကဲပေါက်ကွဲမှုများကြောင့် PDF တို့ ဝန်းရံရန်ခေါ်ထားသူများ ထိခိုက်မှုရှိနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ဖြစ်စဥ်များ မဖြစ်ပွားမီက ကန့်ဘလူ၊ ပဇီကြီးကျေးရွာဥက္ကဋ္ဌကို PDF များက မတ်လအတွင်း သ-တ်ဖြတ်ထားကြောင်း၊ ပဇီကြီးကျေးရွာတစ်ရွာလုံးကိုခြိမ်းခြောက်၍ PDF အဖွဲ့ဝင်ရောက်ခိုင်းသည့်ဖြစ်စဥ်များလည်းရှိကြောင်း၊ ထို့ပြင် ပကဖများ၊ ပအဖ လှုပ်ရှားမှုများလည်း ရှိနေ၍ တပ်မတော်က တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းမှာ ရဟန်း၊ သံဃာ၊ ဆရာ၊ ဆရာမများ၊ အပြစ်မဲ့ပြည်သူများအား အများဆုံးသ-တ်ဖြ-တ်သည့်ဒေသဖြစ်ကြောင်း၊ ထို့ပြင် NUG နှင့် PDF များကို မထောက်ခံသည့်ရွာများအား မီးရှို့ဖျက်ဆီးမှုအများဆုံးတိုင်းလည်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
“ဒီမနက်ဖြစ်စဥ်ကတော့ မနက် ၈ နာရီလောက်မှာ အဲဒီ ပဇီးကြီးကျေးရွာမှာ NUG၊ CRPH အမည်ခံအဖွဲ့ရဲ့ ရုံးခန်းဖွင့်ပွဲဆိုတာတွေ၊ ပြီးတော့ ပြည်သူ့ကာကွယ်ရေးဆိုတဲ့တပ်ဖွဲ့တွေ၊ PDF အမည်ခံအဖွဲ့တွေရဲ့ ရုံးဖွင့်ပွဲဆိုတာတွေ လုပ်ပါတယ်။ ရုံးဖွင့်ပွဲဆိုတာတွေလုပ်တာကို ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုရှိပါတယ်။ တိုက်ခိုက်မှုရှိတဲ့အခါမှာတော့ ဒီအခမ်းအနားမှာရှိနေတဲ့ PDF အမည်ခံတွေ သေဆုံးတယ်ဆိုတာသိရပါတယ်။ ပြောရမယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုကို ဆန့်ကျင်လှုံ့ဆော်နေတဲ့အဖွဲ့တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့အရင်တုန်းကပြောခဲ့ဖူးသလို ပုံတွေတက်လာတာလည်းတွေ့ရမှာဖြစ်ပါတယ်။ တော်တော်များများသည် ယူနီဖောင်းတွေနဲ့ပုံဖြစ်ပါတယ်။ တချို့လည်း အရပ်ဝတ်နဲ့ပါချင်ပါမှာပေါ့။ ဒါတွေကတော့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ကတော့ အရပ်ဝတ်နဲ့သေဆုံးရင် အရပ်သားသေဆုံးမှုလို့ပြောတယ်။ သူတို့ အောင်ပွဲရရင်တော့ PDF ပါပြောတာရှိတယ်။ ဒီလိုစွပ်စွဲချက်တွေကတော့ ထွက်ပေါ်နေမှာပဲဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့မြေပြင်သတင်းရရှိမှုအရ ဒါသည်ကျွန်တော်တို့တိုက်ခိုက်မှုတစ်ခုတည်းကြောင့်ဖြစ်သွားတာမဟုတ်ပါဘူး။ မြေပြင်မှာတော့ အဲဒီအဖွဲ့တွေအနေနဲ့ အဲဒီနေရာလေးတဝိုက်မှာ PDF အဖွဲ့ကနေ အသုံးပြုနေတဲ့မိုင်းတွေထောင်ထားတာရှိတယ်။ သူတို့အသုံးပြုနေတဲ့ ယမ်းတွေ၊ မိုင်းတွေကို သိုလှောင်ထားတဲ့ ခဲယမ်းထားရှိတဲ့နေရာရှိတယ်။ အဲဒီနေရာတည့်တည့်ကိုလက်နက်ထိမှန်တဲ့အတွက် ပေါက်ကွဲပြီး သေဆုံးရတယ်ဆိုတာ ကျွန်တော်တို့ သတင်းအတိအကျရရှိထားပြီးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ထို PDF အဖွဲ့များ မြေပြင်၌လုပ်ဆောင်နေသည်များမှာ စစ်ရာဇဝတ်မှုများကျုးလွန်နေခြင်းဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင်လည်း ရက်စက်ကြမ်းကြုတ်စွာလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်မှုမထောက်ခံသည့်ရွာများ၊ ကြားနေရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း၊ ခြိမ်းခြောက်နေကြောင်း၊ ထို့ပြင် PDF များက ကျေးရွာရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများကို ခံစစ်နေရာအဖြစ်အသုံးပြုကြပြီး စာသင်ကျောင်းများပိတ်ခိုင်းထားပြီး အချို့နေရာများကို သဲအိတ်ထပ်ခိုင်းကာ ဘန်ကာများအဖြစ်အသုံးပြုမှုရှိနေကြောင်း၊ ထို့အပြင် PDF များအခမ်းအနားလုပ်ချိန်တိုင်း ရွာသူရွာသားများအား ကလေးပါမချန် အားပေးဝန်းရံခိုင်းသည့်လုပ်ရပ်များလည်း တွေ့ရပြီး ထိုသို့လုပ်နေသည်ကို စုံစမ်းစရာပင်မလိုဘဲ PDF များထံမှ ထွက်ပေါ်နေသည့်ပုံအရ ကလေးငယ်များကအစ သေနတ်ကိုင်ခြင်း၊ သေနတ်ကိုင်၍ PDF များကို ကြိုဆိုခြင်းများပါ တွေ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
” ကျွန်တော်တို့တိုက်ခိုက်တဲ့အခါမှာ သူတို့ရဲ့ လက်နက်ခဲယမ်းတိုက်။ ပြီးရင် ယမ်းတွေသိုလှောင်တဲ့နေရာကို ထိမှန်ပေါက်ကွဲခဲ့တာရှိတယ်။ အဲဒီကနေ ပေါက်ကွဲတဲ့အတွက်ကြောင့်မို့လို့ သူတို့အတင်းဝန်းရံခိုင်းထားသူတွေ၊ ဒါမှမဟုတ် သူတို့ကိုကြောက်လို့ဝန်းရံနေရသူတွေ ထိခိုက်ဒဏ်ရာရမှုတွေရှိကောင်းရှိနိုင်ပါတယ်လို့ပဲ ကျွန်တော်ဖြေချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
