MT News

Written by Tha Doe

ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၉၅၀၀၀၀ ခွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရောင်းချပေးမှုကြောင့် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၂၉၈၀၀၀၀ အထိ ကျဆင်းခဲ့သော ပြင်ပရွှေစျေးမှာ စက်တင်ဘာ ၆ ရက်အဖွင့်စျေးတွင် ကျပ် ၃၁ သိန်းအထိ ခုန်တက်ခဲ့ကြောင်း စက်တင်ဘာ ၆ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ပြည်တွင်းရွှေစျေးကွက်ဆိုင်ရာသတင်းများအရ သိရသည်။

နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက်တွင် ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းခွဲဖြင့် မှတ်ပုံတင်မူရင်းပြသ၍ စက်တင်ဘာ ၅ ရက်မှ စတင်၍ လူတစ်ဦးလျှင် ရွှေဒင်္ဂါးပြား တစ်ပြားနှုန်း ဝယ်ယူနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၆ ရက်တွင် ဖြေကြားခဲ့ကြောင်းသိရသည်။ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားချက်အရ စက်တင်ဘာ ၅ ရက်မှ စတင်၍ တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ရွှေစင်တစ်ကျပ်သားလျှင် ၂၉ သိန်း ၅ သောင်းနှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး မှတ်ပုံတင်ပြသ၍ လူတစ်ဦးလျှင် ရွှေတစ်ကျပ်သားနှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

”အစိုးရကိုယ်တိုင် ၂၉ ခွဲစျေးနဲ့ ရောင်းတာဆိုတော့ ဒေါ်လာစျေးက ကျပ် ၃၃၀၀ ပတ်လည်ပဲ အဲ့လိုရောင်းရိုးမှန်ရင် အပြင်ဒေါ်လာစျေးက ပိုတက်ပြီပဲ” ဟု ရွှေစျေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောသည်။

SAC ၏ ရွှေစျေးသတ်မှတ်မှုပုံစံအရ ရွှေတစ်ကျပ်သားလျှင် တစ်ဒေါ်လာ ကျပ် ၃၃၀၀ ပတ်လည်၌ ဖြစ်နေသော်လည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းကမူ ကျပ် ၂၁၀၀ ခန့်ဖြင့် တွက်ချက်ထားသော ရွှေတစ်ကျပ်သား ၂၀၁၈၀၀၀ ဖြင့်သာ စျေးဖွင့်ခဲ့ပြီး ကမ္ဘာ့ရွှေစျေးမှာမူ တစ်အောင်စလျှင် ၁၇၁၉ ဒသမ ၅ ဒေါ်လာဖြစ်ကြောင်း စက်တင်ဘာ ၆ ရက် နံနက်ပိုင်းအဖွင့်စျေးတွင် ဖော်ပြထားသည်။

”YGEA ကျတော့ ရွှေစျေးကို ၂၁၀၀ နဲ့ တွက်ခိုင်းထားပြီးတော့ YGEA မှာ ရွှေစျေးက ၂၁ သိန်းတောင် မပြည့်ဘဲ နေ့တိုင်းကြေညာနေရတယ်။ အခု SAC က ရွှေတစ်ကျပ်သားကို ၂၉၅၀၀၀၀ လို့ သတ်မှတ်လိုက်တော့ ဒီစျေးကို တန်းစျေးတစ်ခုလို သတ်မှတ်တော့မှာ။ အဲဒီမှာ ပြင်ပစျေးက ထပ်တက်သွားချိန် သူတို့က လျှော့ရောင်းတာမျိုးလုပ်သွားရင်တော့ ဝင်စျေးကစားတဲ့သူတွေ ပိုက်ဘောမိသွားနိုင်တာပေါ့” ရွှေစျေးကွက်လေ့လာသူတစ်ဦးက သူ့အမြင်ကို ပြောသည်။

အစိုးရကရောင်းချပေးသည့် ရွှေစျေးနှုန်းကြောင့် ပြင်ပရွှေစျေးကွက်တွင် ကျပ် ၁၂၀၀၀၀ အထိ ခုန်တက်ခဲ့သော်လည်း ပြင်ပဒေါ်လာစျေးမှာမူ ထူးခြားသော မြင့်တက်မှုမရှိဘဲ တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဖြင့်သာ စျေးဖွင့်ခဲ့ပြီး စက်တင်ဘာ ၅ ရက်ထက် ကျပ် ၅၀ သာမြင့်တက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *