MT News

၃. ၄. ၂၀၂၃

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ မဟာဗျုဟာစီမံကိန်းနှင့် ပေါင်းစပ်လုပ်ဆောင်ရန် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီကို SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေးဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းမှာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ကဏ္ဍအလိုက်သော်လည်းကောင်း၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြားတွင် လုပ်ငန်းတာဝန်များကို အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်သော်လည်းကောင်း အကောင်အထည်ဖော်ခြင်း၊ ဆန်းစစ် လေ့လာသုံးသပ်ခြင်းနှင့် မူဝါဒချမှတ်ခြင်းတို့ကို ပိုမိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” ခေါင်းစဉ်အောက်မှ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရာတွင် ဝန်ကြီးဌာနများ၊ အစိုးရဌာနအဖွဲ့အစည်းများ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်ပေးခြင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့်သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရာတွင် မူဝါဒနှင့် သက်ဆိုင်သည့် လမ်းညွှန်မှုများပေးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

ထို့အပြင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် စပ်လျဉ်း၍ မူဝါဒဆိုင်ရာ ညှိနှိုင်းရမည့်အကြောင်းအရာများ ပေါ်ပေါက် ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြလမ်းညွှန်မှုခံယူခြင်းနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့်စပ်လျဉ်း၍ သုတေသနလေ့လာနိုင်ရေးအတွက်ကျွမ်းကျင်ပညာရှင်များအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။

အလားတူ ဦးဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းရန်နှင့်အဖွဲ့ဝင်များ ဖြည့်စွက်ခန့်ထားရန်လိုအပ်ပါက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြဆောင်ရွက်ခြင်း၊ ဦးဆောင်ကော်မတီသည် လိုအပ်သော လုပ်ငန်းကော်မတီများ၊ အထောက်အကူပြုဆပ်ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News