MT News

PDF များက ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ပြီး နေအိမ်များအား မီးရှို့ ဖျက်ဆီး၊ အပြစ်မဲ့ အရပ်သားပြည်သူ ၉ ဦး သေဆုံးပြီး နေအိမ် ၇၀ လုံးနှင့် နွားတင်းကုပ် ၃၁ လုံးတို့ မီးလောင်ပျက်စီးခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဧပြီလ ၁ ရက် ညတွင် ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ မတ် ၃၀ ရက် ည ၁၀ နာရီခန့်တွင် PDF များက ကျေးရွာ၏အနောက်တောင်ဘက်မှ ဝင်ရောက်၍ သေနတ်များဖြင့် ပစ်ခတ်ကာ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့ရာ ကျေးရွာနေ အပြစ်မဲ့ အရပ်သားပြည်သူ ၉ ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် နေအိမ် ၇၀ လုံးနှင့် နွားတင်းကုပ် ၃၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း SAC က ထုတ်ပြန်သည်။

အထက်ပါဖြစ်စဉ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာအတွင်းသို့ ဝင်ရောက်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News