MT News

Written by Thettant

စစ်တွေလေယာဉ်ကွင်းသည် ရခိုင်ပြည်နယ်၏မြို့တော်ကွင်းဖြစ်သောကြောင့် A-320 ၊ B-737 စသည့် လေယာဉ်များ ဆင်းသက်နိုင်မည့် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းနှင့် လေဆိပ်တိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို အဆင့်လိုက်ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများအဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုများကို ဧပြီ ၁ ရက်တွင် ကြည့်ရှုစစ်ဆေးစဥ် မှာကြားသည်။

လေယာဉ်ကွင်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် လေယာဉ်ပြေးလမ်းများကို ရေရှည်အတွက် မျှော်တွေးပြီး စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ လေယာဉ်ပြေးလမ်းများ တိုးချဲ့အဆင့်မြှင့်တင်ရာတွင်လည်း သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိအောင် တည်ဆောက်ရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။ ထို့အတူ လေယာဉ်ရပ်နားရန်နေရာများ တည် ဆောက်ရာတွင်လည်း စနစ်တကျတည်ဆောက်ရန်လိုအပ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းသည်လည်း နောင်အချိန်တွင် ဆိပ်ကမ်းစက်မှုလုပ်ငန်းများ တိုးတက်လာပြီး ကုန်သွယ်မှုများပါ မြင့်တက်လာနိုင်ခြင်းကြောင့် နိုင်ငံခြား ခရီးသွားများလည်း ပိုမိုဝင်ရောက်လာနိုင်ကာ ကုန်တင်လေယာဉ်ကြီးများပါ ဝင်ရောက်လာနိုင်သဖြင့် လေယာဉ်ပြေးလမ်းတိုးချဲ့ရာ၌ ၎င်းအတွက်လည်း မျှော်မှန်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။

ထို့နည်းတူ သံတွဲလေယာဉ်ကွင်းသည်လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများဝင်ရောက်မှုများပြားသည့်အတွက် ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည်အထိ မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ပြီး အိမ်နီးချင်းနိုင်ငံများတွင် ပြည်တွင်းလေကြောင်း ပြေးဆွဲမှုများကိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့်နည်းတူ မိမိတို့နိုင်ငံတွင်လည်း ပြည်တွင်းလေကြောင်းပြေးဆွဲမှု အဆင့်မြှင့်တင် တိုးတက်စေရေး ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းခရီးသွားလာမှုကို ပိုမို အထောက်အကူပြုစေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News