MT News

Written by Ye kyaw

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ်ထုတ် လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် သတ်မှတ်လျှပ်စစ်မဂ္ဂါဝပ် အပြည့်အဝထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောသည်။

ဧပြီလ ၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“သတ်မှတ်ထားရှိတဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် နေရောင်ခြည်စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) စက်ရုံမှ သတ်မှတ် ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်တယ်” ဟု ဦးသောင်းဟန်က ပြောသည်။

သတ်မှတ်ရက်များတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေသည်များရှိ၍ လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ပြီး ထပ်မံသတ်မှတ်ထားသည့်ရက်များတွင် လျှပ်စစ်မီးထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတ်မှတ်ကာလအချိန်မီ လျှပ်စစ်ဓာတ်အား အပြည့်အဝ ထုတ်လုပ်နိုင်ရန်အတွက် ရောက်ရန်ကျန်ရှိသည့် စက်ပစ္စည်းများကိုလည်း အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အဆိုပါ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ (၄၉၀) ဧကပေါ်တွင် တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အားမှာ ၁၂၀ မဂ္ဂါဝပ်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News