မန္တလေးက လမ်းလျှောက် သင်္ကြန် မြင်ကွင်း တစ်ခု

၃. ၄. ၂၀၂၃
Written by Peya

ကိုဗစ်ကာလအပြီး ယခုနှစ် မန္တလေးသင်္ကြန်ကို အစည်ကားဆုံးဖြစ်အောင် လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက MT News သတင်းဌာနသို့ ပြောသည်။

မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့ ညနေ ၅ နာရီခွဲတွင် ယိမ်းအကအဖွဲ့ အင်အား ၉၀၀ ကျော်ဖြင့် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ပိတ်ပွဲကို သင်္ကြန်အတက်နေ့ ညနေ ၆ နာရီ အချိန်တွင် ပြုလုပ်သွားမည်ဖြစ်ကာ လမ်းလျှောက်သင်္ကြန်အဖြစ် ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ်ကြီး ၆ ခု၊ ကျုံးအရှေ့ဘက်ခြမ်းတွင် မဏ္ဍပ်ကြီး ၄ ခုကို ထည့်သွင်းသွားရန် စီစဉ်ထားကြောင်းလည်း စုံစမ်းသိရသည်။

“လမ်းလျှောက်သင်္ကြန်က ၂၆ လမ်းကို ကျွန်တော်တို့က ၆၆ ကနေ ၇၈ အထိ လုပ်မယ်။ လမ်းလျှောက်သင်္ကြန်မှာ ပုဂ္ဂလိက မဏ္ဍပ်ကြီးတွေလည်း ရှိမယ်။ နောက်ပြီးတော့ ဌာနဆိုင်ရာ စတုဒီသာ မဏ္ဍပ်တွေလည်း ရှိမယ်။ (လမ်းလျှောက်သင်္ကြန်မှာ ပါမယ့် မဏ္ဍပ်တွေနဲ့ ပတ်သက်လို့) လောလောဆယ် စာရင်း မပိတ်သေးဘူးဗျ” ဟု ဦးသိန်းဌေးက ဆိုသည်။

မန္တလေးသင်္ကြန်အတွက် ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ တရုတ်မျိုးနွယ်စုများအသင်း၊ ဘိလပ်မြေစက်ရုံများ၊ ရွှေလုပ်ငန်းရှင်များအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း စသည်ဖြင့် အသင်းအဖွဲ့များနှင့် ပုဂ္ဂလိကမှ မဏ္ဍပ်ကြီး ၁၂ ခု လုပ်မည်ဟု လက်တလောတွင် စာရင်းရထားကြောင်းလည်း ၎င်းက ဆိုသည်။

ကိုဗစ်ကာလအပြီး ယခုနှစ် မန္တလေးသင်္ကြန်သည် အစည်ကားဆုံး ဖြစ်ပါမည်လား ဟု MT News က မေးမြန်းခဲ့ရာ “ရတာပေါ့” ဟု ယင်းက ပြန်လည်ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News