၃ .၄. ၂၀၂၃
Written By Thandar

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကသားတွေအတွက် ၁၂ ကြိမ်မြောက် ဆန်၊ ဆီ ၊ ကုလားပဲ ထုတ်ဝေပေးတာကို ဧပြီ ၃ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရက်ရှည်ပိတ်ရက်လည်းဖြစ်တယ်။ အရင်ဆိုရင် ကိုယ့်လောကသားတွေ ဒီကာလအလုပ်တွေ ရပ်နားချိန်မှာ လှူတာပေါ့။ အခုကတော့ အလုပ်ရပ်နားထားတဲ့သူတွေလည်း တော်တော်လေးအခက်အခဲဖြစ်နေသူတွေလည်း ရှိတယ်။ အခုကတော့ ၁၂ ကြိမ်မြောက် ဆန်၊ ဆီ၊ ကုလားပဲရယ် လှူတာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌဦးအေးကြူလေးက ပြောပါတယ်။

အဆိုပါ ဆန်၊ ဆီ၊ ကုလားပဲ‌ လှူဒါန်းမှုကို ဧပြီ ၃ ရက် နံနက် ၉ နာရီကနေစပြီး အုပ်ချုပ် / ဖြန့်ချိ အဖွဲ့ကို စတင်ပေးအပ်ခဲ့ပါတယ်။ ယနေ့ မွန်းလွဲပိုင်းမှာ ဗီဒီယို၊ အဓိက သရုပ်ဆောင်နဲ့ ဒါရိုက်တာအဖွဲ့၊ ဧပြီ ၄ ရက် နံနက် ၉ နာရီမှာ ဇာတ်ညွှန်းနဲ့ တည်းဖြတ်အဖွဲ့၊ မွန်းလွဲပိုင်းမှာ ပြဇာတ်နောက်ခံတေးဂီတနဲ့ ထုတ်လုပ်သူအဖွဲ့၊ ဧပြီ ၅ ရက် နံနက်၉နာရီမှာ စက်မှု (၇၀၀၁ – ၇၄၇၇) အလွှာနဲ့ မွန်းလွဲပိုင်းမှာ စက်မှု (၇၄၇၈ – ၇၉၅၄) အဖွဲ့၊ ဧပြီ ၆ ရက်နေ့မှာ ဇာတ်ပို့/ဇာတ်ရံ (၄၀၀၁ – ၄၅၀၀) အဖွဲ့နဲ့ မွန်းလွဲပိုင်းမှာ ဇာတ်ပို့/ဇာတ်ရံ (၄၅၀၁ – ၄၉၉၉)အဖွဲ့တို့ကို ဆန်၊ ဆီ၊ ပဲတို့ကို ထုတ်ဝေပေးသွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အုပ်ချုပ်ဖြန့်ချိအလွှာက အရင်နှစ်တွေက နှစ်စဉ် တစ်လ ၃၀၀၀ ဆိုကောက်ပြီး ဒီကြားထဲ ကောက်ခံတာကို မပါဝင်သူတွေလည်းရှိတယ်။ အခုပြန်ပြီးကောက်ခံတာက တစ်နှစ်ကျော်ပဲ ရှိ‌ပါသေးတယ်။ အစည်းအရုံးက ပေးတာသပ်သပ်။ ကျွန်တော်တို့ အလွှာအလိုက်က သပ်သပ်ကောက်ပြီး လိုအပ်တဲ့နေရာမှာ သုံးစွဲတာပါ။ ကျန်းမာရေးအတွက် ၁၅၀၀၀ ထောက်ပံ့တယ်။ နာရေးအတွက်ကတော့ ၃ သိန်းထောက်ပံ့ပေးပါတယ်။ သာရေးနာရေးအတွက် ဒီသင်္ကြန်ကာလမှာ ၃ သောင်းဆီထုတ်ပေးပါတယ်။ သူတို့လည်း အခါတွင်းမှာ လိုအပ်တာလေးတွေ သုံးစွဲနိုင်အောင်ပါ”လို့ ကိုလှသိန်း (အုပ်ချုပ်၊ ဖြန့်ချိ အတွင်းရေးမှူး အလွှာ)က ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင် ဦးရေ ၃၀၀၀ ကျော် ရှိပေမယ့်လည်း လာရောက်ထုတ်‌ယူသူ လူဦးရေ ၁၅၀၀ ကျော်သာရှိပြီး ဆန်၊ ဆီ၊ စား‌နပ်ရိက္ခာတွေကို ၃ လ တစ်ကြိမ် ထုတ်ဝေပေးနိုင်ဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News