MT News

Written by Min Mahar

မြင်းခြံမြို့နယ်၊ မြင်းခြံ-နွားထိုးကြီးသွားကားလမ်း သင်ပြွန်းကျေးရွာအဝင်လမ်းတွင် အရောင်းအဝယ်ကိစ္စဖြင့် တစ်ဦးတည်းဆိုင်ကယ်မောင်းလာသည့်အမျိုးသားအား PDF အဖွဲ့ဝင်နှစ်ဦးက”ဒလန်နန်းတင်ဆိုတာ မင်းလားကွ” မေးကာ အနောက်ကနေပစ်သ-တ်သွားမှု ဧပြီလ ၁ ရက် ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် စျေးရောင်းဝယ်ရေးလုပ်ကိုင်နေသော အသက် ၄၈ နှစ်အရွယ်ခန့်ရှိသည့် ဦးနန်းတင်ဆိုသူသည် ညောင်ပင်ကျေးရွာနေအိမ်မှ သင်ပြွန်းကျေးရွာသို့ စျေးဝယ်ရန်အတွက် တစ်ဦးတည်းဆိုင်ကယ်တစ်စီးဖြင့် ထွက်လာစဉ် မြင်းခြံ-နွားထိုးကြီးသွားကားလမ်း၊ သင်ပြွန်းကျေးရွာအဝင်လမ်းအရောက်တွင် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုးသားနှစ်ဦးသည် အနောက်မှလိုက်ပါလာပြီး ဦးနန်းတင်၏ဆိုင်ကယ်အားရပ်ခိုင်း၍ ရပ်တန့်ပေးစဉ် အဆိုပါလူနှစ်ဦးက “ ဒလန်နန်းတင်ဆိုတာ မင်းလားကွ”ဟု ပြောဆိုကာ အသင့်ပါလာသောသေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး သင်ပြွန်းကျေးရွာလမ်းသွယ်မှ မြင်းခြံ-နွားထိုးကြီးကားလမ်းဘက်သို့ ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဦးနန်းတင်က ရွာအဝင်အရောက်မှာ အနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လူငယ်နှစ်ယောက်က ” ဒလန်နန်းတင်ဆိုတာ မင်းလားကွ”လို့အကျယ်ကြီးအော်မေးပြီး သေနတ်နဲ့အနောက်ကနေ ပစ်သ-တ်သွားတော့တာပဲ။ ဦးနန်းတင်က တပ်မတော်ကိုထောက်ခံတော့ PDF အဖွဲ့တွေက သ-တ်သွားတာပဲဖြစ်မယ်”ဟု အခင်းဖြစ်ရာအနီးတွင်ရှိသော မျက်မြင်တစ်ဦးက MT News သို့ ပြောသည်။

ယင်းကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးနန်းတင်၏ နောက်ကျောအား ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ယာဘက်ပုခုံးကို ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်နှင့် ယာဘက်ပါးကိုပါ ဖောက်ဝင်ခဲ့သည့်ဒဏ်ရာ ၁ ချက်တို့အသီးသီးရရှိကာအခင်းဖြစ်ရာ၌ပင် သေဆုံးသွားခဲ့သဖြင့် သေဆုံးသူ၏ရုပ်အလောင်းအား ည ၆ နာရီကျော်တွင် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်းလည်း သိရသည်။

အခင်းဖြစ်ရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သေဆုံးသူအနီးမှ M-22 ကျည်ခွံ ၂ ခွံအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News