MT News

Written By Thandar

မော်ဒယ်လ် သရုပ်ဆောင် ဒါရိုက်တာဖြစ်တဲ့ ဘုဏ်းသိုက်ရဲ့“တတိယ လိပ်ပြာ” The Third Soul ဒုတိယမြောက် တစ်ကိုယ်တော်ပန်းချီပြပွဲကို ဧပြီ ၁ ရက် နံနက်ပိုင်းက စမ်းချောင်းမြို့နယ်၊ မြေနုလမ်းရှိ Artist Gallery Café မှာ ပြုလုပ်ခဲ့ပါတယ်။

“၂နှစ်လောက် အချိန်ယူပြီး ဒီပန်းချီကားလေးတွေကို ဆွဲခဲ့တာပါ။ ဘာအလုပ်မှ မလုပ်ဖြစ်တဲ့အချိန်မှာ ဒီပန်းချီကားတွေဘက်ကိုပဲ တစိုက်မတ်မတ် ဆွဲဖြစ်တာပေါ့။ The Third Soul ဆိုတဲ့ အမည်လေးကလည်း တတိယလိပ်ပြာဆိုပြီး အမည်ပေးရတာကလည်း ကျွန်တော့်အတွက်က ရုပ်ရှင်၊ မော်ဒယ်အလုပ်က ကျွန်တော့်ရဲ့ ပထမဆုံး လုပ်ဖြစ်တဲ့အလုပ်ဖြစ် လုပ်ဖြစ်တဲ့အလုပ်ဖြစ်တဲ့အတွက် ကျွန်တော့်အတွက် First Soul ပါ။ စာရေးတာက ကျွန်တော့်အတွက် Second Soul ပါ။ ပန်းချီရေးတာက ကျွန်တော့်ရဲ့ တတိယမြောက်ဖြစ်တဲ့ အနုပညာလက်ရာလေးပါ။ ကျွန်တော်ရေးဆွဲထားတဲ့ ဒီပန်းချီကား အကြောင်းအရာတွေကလည်း အစုံပါပဲ။ ခိုလှုံရာဆိုတဲ့ ပန်းချီကားဆိုရင်လည်း လူတွေက တစ်စုံတစ်ရာသော ခိုလှုံရာရဖို့အတွက် ရှင်သန်နေကြတာပဲ။ ပန်းချီကား တစ်ကားချင်းစီမှာ ခံစားချက်တစ်ခုချင်းစီ ထည့်ဆွဲထားပါတယ်”လို့ ဘုဏ်းသိုက်က MT News ကိုပြောပါတယ်။

The Third Soul ပန်းချီပြပွဲကို ဧပြီ ၁ ရက်ကနေ ဧပြီ ၅ ရက်နေ့အထိ နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ဘုဏ်းသိုက်ရဲ့ တစ်ကိုယ်တော်လက်ရာ ပန်းချီကား ၂၃ ကားကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ သူက ပန်းချီရေးဆွဲခြင်းကို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ပန်းချီရေးဆွဲနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိသလို ခံစားချက်မျိုးနဲ့ ဖန်တီးဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ့်ရဲ့ ပန်းချီကားတစ်ကားကို ကြည့်ပြီး သူ့စိတ်ထဲမှာ အေးချမ်းမှုရသွားတာဖြစ်ဖြစ် သူ့စိတ်လေး အေးချမ်းသွားတာပဲ ဖြစ်ဖြစ်ပေါ့။ သူ့စိတ်ကို တစ်စုံတစ်ရာ လွတ်မြောက်အောင် လုပ်ပေးနိုင်တာကို ပီတိ ဖြစ်ရတယ်။ အဲဒီပီတိလေးကို ကြိုက်လို့ နောက်ထပ်ကားတွေကို ထပ်ဆွဲဖြစ်တာပါ။ ဒီနေ့ဆိုရင်လည်း ကျွန်တော်ဒီလိုမျိုး ရည်ရွယ်ချက်လေးနဲ့ ဒီပြပွဲလေးကို လုပ်ဖြစ်တာပါ”လို့သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News