April 26, 2024

၃၁. ၃. ၂၀၂၃

Written By Thandar

ပရဟိတတွေ စဥ်ဆက်မပြတ်လုပ်ဆောင်လာတဲ့ သရုပ်ဆောင် ခန့်စည်သူနဲ့ ဓမ္မမိတ်ဆွေတွေက မှော်ဘီရှိ မြတ်ဆုပန် (အောင်လံ)သီလရှင်စာသင်တိုက်ကို အလှူငွေ ကျပ်၂၅ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ် ၈ လပိုင်းတုန်းက အဲဒီကျောင်းက အလှူလာခံတယ်။ ဒီကျောင်းလေးမှာ အဆောက်အဦမရှိဘူး။ အဲဒီတုန်းက အဆောက်အဦမလှုဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဆန် ၊ ဆီ ၊ ပဲ၊ စားသောက်ကုန်တွေ လှူဖြစ်ခဲ့တယ်။ နောက်တစ်ခေါက်မှာ အသိတစ်ယောက်က ဒီကျောင်းလေးမှာ သီလရှင်တွေ သီတင်းသုံးတာ ကျဥ်းပြီး ကြပ်နေတယ်။ အမျိုးသမီး သီလရှင်တွေ ဖြစ်တဲ့အတွက် လုံခြုံရေးပိုင်းမှာ သိပ်အဆင်မပြေလို့ ကိုယ်တို့က နိုင်သလောက် စုပြီး လှူဒါန်းဖြစ်တာပါ”လို့ အကယ်ဒမီ ခန့်စည်သူက M T News ကို ပြောပါတယ်။

အကယ်ဒမီ ခန့်စည်သူ ဦးဆောင်ပြီး အနုပညာမောင်နှမ ဓမ္မမိတ်ဆွေအနေနဲ့ အောင်ခိုင်၊ ဝါဝါအောင် ၊ ဆောင်းယွန်းစံ၊ အိမ်ထောင်ရှင် အလှမယ် မေသင်းကြည် စတဲ့သူတွေက စုပေါင်းပြီး အလှူငွေ ကျပ် ၂၅သိန်းကို မှော်ဘီမြို့နယ်ရှိ မြတ်ဆုပန် (အောင်လံ) သီလရှင်စာသင်တိုက်မှာ မတ်လ ၃၀ ရက်က သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကသားတွေအတွက်လည်း လာမယ့် ဧပြီ ၃ ရက်နေ့မှာ ၁၂ ကြိမ်မြောက် ဆန်၊ ဆီလှူဒါန်းမှုမှာလည်း ကိုယ်တို့အဖွဲ့က ကျပ် ၅သိန်း လှူဒါန်းခဲ့တယ်“လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ဆောက်လုပ်နေတဲ့ ကျောင်းဆောင်အတွက်အလှူရှင်တွေ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ မြတ်ဆုပန်(အောင်လံ) သီလရှင်စာသင်တိုက်က ဆရာလေး မဥပ္ပလထေရီ ၀၉-၄၂၀၉၁၈၇၈၈ ၊ ၀၉-၂၅၁၄၃၀၀၄၅ ၊ ၀၉-၄၂၁၇၇၈၂၄၉ တို့ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *