MT News

Translated by Htwe Ko Tun

ရုရှားနိုင်ငံ၏ ထိပ်တန်းလုံခြုံရေးအေဂျင်စီကြီးဖြစ်သော နာမည်ကျော် KGB ထောက်လှမ်းရေးအဖွဲ့ကြီး၏ အရိုက်အရာကိုဆက်ခံသူဖြစ်သည့် Federal Security Service (FSB) က အမေရိကန် သတင်းဌာနကြီးဖြစ်သော Wall Street Journal ၏ သတင်းထောက် အီဗင် ဂါ့ရှ်ကိုဗစ်ချ်အား သူလျှိုပြုလုပ်မှု စွဲချက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း မတ်လ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

FSB က အမေရိကန်သတင်းထောက် အီဗင် ဂါ့ရှ်ကိုဗစ်ချ် အား ယူရယ်လ်တောင်တန်းဒေသများရှိ ရီကာတီရင်ဘာဂ်မြို့တွင် လျှို့ဝှက်သတင်းများရရှိရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

FSB က အီဗင် ဂါ့ရှ်ကိုဗစ်ချ်သည် နိုင်ငံတော်လျှို့ဝှက်ချက်တစ်ရပ်လည်းဖြစ်သည့် ရုရှားစစ်ဘက်စက်မှုဆိုင်ရာလုပ်ငန်းများမှ တစ်ခု၏ဆောင်ရွက်မှုများနှင့်ပတ်သက်၍ လျှို့ဝှက်သတင်းများ စုဆောင်းနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

၎င်းက ယူကရိန်းစစ်ပွဲ၊ ရုရှားနိုင်ငံအတွင်းတိုးတက်ပြောင်းလဲမှုအခြေအနေများနှင့် Wagner အပျော်တန်းတပ်ဖွဲ့များနှင့်ပတ်သက်သောသတင်းများကို ရယူရေးသားနေကြောင်းလည်း FSB က ပြောခဲ့သည်။

FSB က ၎င်းအား မည်သည့်အချိန်တွင်ဖမ်းဆီးခြင်းဖြစ်သည်ကို အတိအကျ ပြောကြားခြင်းမရှိပေ။ ဂါ့ရှ်ကိုဗစ်ချ် အနေဖြင့် သူလျှိုပြုလုပ်မှု စွဲချက်ဖြင့် အပြစ်ရှိကြောင်းသေချာလျှင် ထောင်ဒဏ် အနှစ် ၂၀ အထိကျခံရနိုင်ကြောင်းသိရသည်။ Wall Street Journal ကမူ FSB ၏စွပ်စွဲချက်များက မဟုတ်မှန်ကြောင်းငြင်းပယ်ခဲ့ပြီး ၎င်းတို့၏ ယုံကြည်အားထားရကာ ဘက်လိုက်ခြင်းမရှိသော သတင်းထောက်ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ကြေညာခဲ့သည်။

ဂါ့ရှ်ကိုဗစ်ချ် က စစ်အေးကာလလွန်မြောက်ပြီးသည့်နောက်တွင် သူလျှိုလုပ်မှုစွပ်စွဲခံရပြီး ရုရှား၌ အဖမ်းခံခဲ့ရသော အမေရိကန်သတင်းဌာနတစ်ခုအတွက် ပထမဆုံးသတင်းထောက်လည်းဖြစ်သည်။ ၎င်းဖမ်းဆီးခံရမှုက ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းတင်းမာမှုများ မြင့်တက်လာနေချိန်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ၎င်းက Wall Street Journal ၏ မော်စကိုမြို့ဗျူရိုရုံးခွဲတွင် လုပ်ကိုင်လျက်ရှိသော သတင်းထောက်လည်းဖြစ်ကြောင်း သိရသည်။

ဂါ့ရှ်ကိုဗစ်ချ်သည် ရုရှားဘာသာစကားကိုလည်းပြောဆိုနိုင်ကာ ၎င်း၏မိဘများက အမေရိကန်ပြည်ထောင်စုတွင်နေထိုင်ကြပြီး မွေးရပ်ဇာတိက ဆိုဗီယက်ပြည်ထောင်စုဖြစ်ကြောင်းလည်းသိရသည်။ အသက် ၃၁ နှစ်ရှိ ဂါ့ရှ်ကိုဗစ်ချ်သည် Wall Street Journal တွင် မလုပ်ကိုင်မီ AFP သတင်းဌာနတွင်လည်းလုပ်ကိုင်ခဲ့သေးကာ Moscow Times သတင်းစာတွင်လည်း လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။

Ref—Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *