◾ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် FLYDO ၏ အမှုဆောင်ဒါရိုက်တာအား PDF များဖမ်းဆီးကာ ကျပ်သိန်း ၅၀၀၀ ငွေညှစ်နေ

MT News

Written by Nay Moe

ဝက်လက် PDF တပ်ရင်း (၂) က လက်နက်တပ်ဆင်ရန် တစ်အိမ် ကျပ် ၂၀၀၀၀ ကောက်ခံမှုနှင့် ပခုက္ကူတွင် ဖမ်းဆီးပြီး ငွေတောင်းခံသည့်ကိစ္စများ နောင် မဖြစ်စေရန် NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက မတ်လ ၃၀ ရက်က ပြုလုပ်သည့် NUG ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၃)တွင် ပြောသည်။

ဝက်လက် PDF တပ်ရင်း (၂) သည် ယင်းတို့ လက်နက်တပ်ဆင်ရန် ပြည်သူများထံမှ တစ်အိမ်ကျပ် ၂၀၀၀၀ ကောက်ခံနေမှုအပြင် ရွှေဘိုခရိုင်တပ်ရင်း (၂) ကလည်း မတ် ၂၆ ရက် နေ့လည် ၂ နာရီတွင် ဝက်လက်အခြေစိုက် LDF အဖွဲ့အစည်းဖြစ်သည့် GZ Special Task Force မှ သေနတ်အလက် ၃၀၀ ထုတ်လုပ်ရန်စီမံထားသော ပစ္စည်းများကိုလည်း လုယက်ယူဆောင်ခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ GZ Special Task Force ထုတ်လုပ်ရေးစခန်းမှ သေနတ်အလက် ၃၀၀ ထုတ်လုပ်ရန်စီမံထားသော ပစ္စည်းများအား ရွှေဘိုခရိုင်တပ်ရင်း (၂) – ဒူဂျွန်စိုင်းဒူနှင့် ပကဖနေမျိုးအောင် ဦးဆောင်သောအဖွဲ့မှ Light Truck ကားဖြင့် သယ်ယူသွားသည်။ တန်ဖိုးအားဖြင့် သိန်း ၁၅၀ ခန့်ရှိ ကုန်ကြမ်းများဖြစ်သော်လည်း ကျွန်တော်တို့ရဲဘော်များနှင့် ပြည်သူများမှ ကိုယ်ပိုင် သွေး/ချွေးများဖြင့် ရင်းနှီးထားသော ပစ္စည်းများဖြစ်သောကြောင့် တန်ဖိုးမဖြတ်နိုင်ရွေ့ ရွှေဘိုခရိုင်တပ်ရင်း (၂) အနေနဲ့လည်း ဤကဲ့သို့ လုပ်ကိုင်ခြင်းသည် NUG ၏ မလျော်သြဇာကို သုံးပြီး ကျွန်တော်တို့ကို ဗိုလ်ကျ၊ အနိုင်ကျင့်၊ လုယက်ခြင်းပင် ဖြစ်သည်” ဟု GZ – Special Task Force ခေါင်းဆောင် ကိုဂျီဇက်က ဆိုသည်။

ထို့အတူ ပခုက္ကူတွင်လည်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ပူးပေါင်းကာ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့နေသည့် FLYDO (အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်း) အမှုဆောင်ဒါရိုက်တာဦးရဲထွဋ်အား NUG ဩဇာခံ PDF များက ဖမ်းဆီးကာ ကျပ်သိန်း ၅၀၀၀ ငွေညှစ်တောင်းခံနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရပြီး လက်ရှိအချိန်တွင် ဦးရဲထွဋ်နှင့် ပတ်သက်ပြီး သတင်းမျိုးစုံထွက်ပေါ်နေသည်။

“ဒီလအတွင်းမှာ Media ပေါ်ထိတက်လာတဲ့ ကိစ္စတွေလည်း ရှိနေသလို တိုင်စာတက်လာတဲ့ ကိစ္စတွေလည်း ရှိနေပါတယ်။ ဝက်လက် PDF အမှတ် (၂) တပ်ရင်းက လက်နက်တပ်ဆင်ရန်အတွက် တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းကောက်ခံနေမှုကိုလည်း တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာ စုံစမ်း မေးမြန်းပြီး နောင်ကိုမဖြစ်ရအောင် စီမံဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒီလိုပဲ ပခုက္ကူမှာလည်း ဖမ်းပြီးငွေကြေးတောင်းခံတဲ့ ပြဿနာက တော်တော်သတင်းတွေထွက်လာတာ ရှိပါတယ်။ ဒါတွေနဲ့ ပါတ်သက်ပြီးလည်း အတွင်းရေးမှူးအဖွဲ့အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ပါ သေချာ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံးဆောင်ရွက်သင့်ပါတယ်။ အကယ်၍ နောက်ပိုင်းမှာ မူဝါဒခိုင်ခိုင်မာမာနဲ့ တာဝန်ရှိသူအဆင့်ဆင့်က စီမံဆောင်ရွက်နိုင်ပြီဆိုရင်တော့ ဗဟိုကော်မတီအထိ ပါဝင်နေစရာ မလိုတော့ပေမယ့် အခုလိုကာလမျိုးမှာတော့ ပင်ပန်းကြပေမယ့်လည်း ပိုပြီးထိရောက်မှုရှိအောင် အတွင်းရေးမှူးအဖွဲ့ဝင်များက ကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News