၂၉. ၃ .၂၀၂၃
Written by Hey Mar

ယခုနှစ် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ပင်လယ်ပြင် ငါးမဖမ်းရရာသီကို ဧပြီလမှ ဇွန်လအထိ သတ်မှတ်လိုက်ပြီဖြစ်ကြောင်းနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဥ်များအားလုံး ဧပြီလ ၁ ရက်နေ့တွင် သက်ဆိုင်ရာ ဆိပ်ကမ်းအသီးသီးသို့ ပြန်လည်ဆိုက်ကပ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန၊ ကြီးကြပ်ရေးနှင့် အခွန်ဌာနမှ သိရသည်။

ထို ၃ လအတွင်း ငါးဖမ်းစီးခြင်းကို သုည ရာခိုင်နှုန်းအထိ လျှော့ချကာ ရေသယံဇာတ ပြန်လည်ပြည့်ဖြိုးရေးအတွက် စီမံချက်ထားဆောင်ရွက်ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ ကြီးကြပ်ရေးနှင့် အခွန်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်က MT News သို့ ပြောသည်။

ဦးသန့်စင်က “ ဧပြီ ၁ ရက်နေ့မှာ ကမ်းနီးကမ်းဝေး ရေယာဥ်တွေ အကုန် ပြန်ဝင်ရမယ်။ နောက်ကျရင် ၁ ရက်ကနေ ၅ ရက်အတွင်းဆို တစ်ရက်ကို ကျပ် ၁ သိန်း ဒဏ်ကြေးရှိတယ်။ ၆ ရက်ကနေ ၁၀ ရက်အတွင်းဆို တစ်ရက်ကို ကျပ် ၂သိန်းနှုန်းနဲ့ ဒဏ်ငွေဆောင်ရမှာပါ။ နောက်ပြီး အဲဒီ ဧပြီ ၊ မေ၊ ဇွန် ၃ လမှာ စီမံချက်ရေးဆွဲပြီး သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဦးစီးမှူးတွေကို ကွင်းဆင်းစစ်ဆေးဖို့ Task Force တွေဖွဲ့ပြီးရှောင်တခင် စစ်ဆေးမယ့် အစီအစဥ်တွေရှိတယ်”ဟု ဆက်လက်ရှင်းပြသည်။

ငါးမဖမ်းရရာသီကို ပုံမှန်အချိန်တွင် ၃ လ သတ်မှတ်လေ့ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါ ကာလလည်းဖြစ်သဖြင့် ပင်လယ်ပြင်လုပ်သားများ၏ စားဝတ်နေရေးအရ ၁ လကြိုတင်ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်လည်း ရှိကြောင်း၊ ၂၀၂၂ ခုနှစ်ကလည်း တရွတ်ဆွဲပိုက်နှင့် ဝိုင်းချုပ်ပိုက်မှလွဲ၍ ကျန်ငါးဖမ်းကိရိယာများကို ၁ လ နောက်ကျခွင့် ပြုခဲ့ကြောင်း သိရသည်။

“ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းရှင်များအသင်းရဲ့ တောင်းဆိုချက်နဲ့ ဝန်ကြီးဌာနက ရေလုပ်သားတွေ စားဝတ်နေရေးကိုကြည့်ပြီး နောက်ကျခွင့်ပေးတဲ့သဘောပေါ့။ နောက်တစ်ခု ဘာလို့ နောက်ကျပေးလဲဆိုရင် ငါးတွေရဲ့ သားပေါက်ရာသီ အချိန်အဆပေါ့။ တချို့မျိုးစိတ်တွေက ဇွန်လမှာ သားပေါက်ရာသီဆိုရင် အလုပ်လုပ်ခွင့်ကို မေလအထိ တိုးပေးတဲ့ သဘောပေါ့။ ဖမ်းတဲ့ ငါးဖမ်းကိရိယာတော့ ကန့်သတ်လိုက်တာပေါ့”ဟု ဦးသန့်စင်က MT News သို့ ပြောသည်။

ငါးမဖမ်းရ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ရေလုပ်သားများကို ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းများအား မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန၏ စီမံညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း အသီးသီးတို့တွင်လည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *