မိုင်းပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရသူများကို ကူညီကယ်ဆယ်နေမှုမြင်ကွင်းများ (ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ရွှေဘိုခရိုင်-Rescue))

MT News

Written by Min Mahar

ရွှေဘိုမြို့ကားကြီးကွင်းအနီးတွင် မိုင်းနှစ်လုံးပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူများမှ ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးမှာ ဆေးကုသမှုခံယူစဥ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ရွှေဘိုခရိုင်-Rescue) မှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၈ ရက် မနက် ၉ နာရီခွဲခန့်​က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ကားကြီးကွင်းအနီး မြို့ဝင်မူးတံတားပေါ်တွင် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တံတားအနီးသွားလာနေသည့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နံနက် ၁၀ နာရီကျော်တွင်လည်း ကားကြီးကွင်းမြောက်ဖက်လမ်းပေါ်တွင် မိုင်းတစ်လုံးထပ်မံပေါက်ကွဲခဲ့သည်ဟု သိရသည်။ ထိုမိုင်းစထိမှန်ကာဒဏ်ရာများရရှိသူ ပြည်သူ ၂၀ ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ရွှေဘိုခရိုင်-Rescue) ယာဥ်များဖြင့် ရွှေဘိုပြည်သူ့​ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါမိုင်းစထိမှန်မှုကြောင့် အသက် ၄ နှစ်အရွယ်နှင့်အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၂ ဦး၊ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၈ ဦးတို့ ဒဏ်ရာရရှိခဲဲ့မှုတွင် အနီရောင်အဆင့်စိုးရိမ်ရလူနာ ၇ ဦးပါရှိကာ ထို ၇ ဦးအနက် တစ်ဦးမှာ ရွှေဘိုဆေးရုံကြီးတွင်ပင် သေဆုံးသွားပြီး ကျန် ၆ ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန်အတွက် မွန်းလွဲ ၁ နာရီခန့်က မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ရွှေဘိုခရိုင်-Rescue)ပိုင်ယာဉ်များဖြင့် မန္တလေးမြို့သို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံတွင် ကလေးငယ်တစ်ဦးထပ်မံသေဆုံးခဲ့ကြောင်းနှင့် ကျန်လူနာများမှာ ဆေးကုသမှုများ အသီးသီးခံယူနေကြကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာကြပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ မိုင်းထောင်သွားသူများကို ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်နေကြကြောင်းနှင့် ယင်းဖောက်ခွဲမှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်သွားသည်ကို ယခုထိမသိရှိရသေးကြောင်း စုံစမ်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News