မြန်မာလူမျိုးနှစ်ဦးကို ရုံးထုတ်စဥ်မြင်ကွင်း (Photo-MWRN)

၂၉. ၃. ၂၀၂၃
Written by Myo Khine

ရွှေ့ပြောင်းလုပ်သားမြန်မာအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ရန်ကြံစည်စဥ် သေဆုံးခဲ့သည့် ထိုင်းလူမျိုးတစ်ဦးနှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရသော မြန်မာနိုင်ငံသား နှစ်ဦးအား အမှုမှ ကင်းလွတ်ခွင့်ပြုကြောင်း ထိုင်းနိုင်ငံ၊ ဆုန်ခလာခရိုင်၊ ခရိုင်တရားရုံး၏ တရားသူကြီးက မတ် ၂၈ ရက်တွင် အမိန့်ချမှတ်လိုက်ကြောင်း အမှုကို လိုက်ပါကူညီဆောင်ရွက်နေသည့် ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ ဟတ်ယိုင်ရုံးတာဝန်ခံ ကိုသိန်းထွန်းက MT News သို့ ပြောသည်။

အဆိုပါ အမှုမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ နောက်ဆုံးပတ်က ထိုင်း-မလေးရှား နယ်စပ်တွင် တရားမဝင်မြန်မာလုပ်သားများကို ဓားပြတိုက်ကာ မြန်မာအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ရန်ကြိုးစားခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်သော အမှုဖြစ်ကြောင်း သိရသည်။

​သေနန်၊ ဓားကိုင်ကာ မြန်မာအမျိုးသမီးကို မုဒိမ်းပြုကျင့်ရန်ကြိုးစားသည့် ထိုင်းနိုင်ငံသားကို ဝိုင်းဝန်းဖမ်းဆီးကာ ထိုင်းပွဲစားများထံအပ်နှံချိန် ယင်းသေဆုံးခဲ့ပြီးနောက် အမှုနှင့် ပတ်သက်၍ အခင်းဖြစ်ချိန် ရှိနေသည့်မြန်မာ ၁၂၀ ကျော်နှင့် ယင်းအချိန်က အဖမ်းခံကြရသည့် မြန်မာနိုင်ငံဘက်မှ မလေးရှားနိုင်ငံအတွင်းသွားရောက်မည့် တရားမဝင်မြန်မာခရီးသည် ၄၂၆ ဦးထဲမှ ၁၉၉ ဦးကို DNA စစ်ဆေးခဲ့ပြီး ကျန်သူများကို စကားဖြင့်သာမေးမြန်းခဲ့သည်။ DNA စစ်ဆေးရာတွင် လက်ဗွေတွေ့ရှိသူ အောင်ကိုဝင်းနှင့် လူသတ်မှုအတွက် သံသယရှိသူ ၈ ဦး၊ ပြန်ပေးဆွဲခံရသည့် အမျိုးသမီးအပါအဝင် ၁၀ ဦးကို တရားရုံးတွင် အဆင့်ဆင့် စစ်ဆေးရာ လက်ဗွေတွေ့ရှိထားသူ အောင်ကိုဝင်းမှလွဲပြီး ကျန်လူအားလုံး မှုခင်းက လွတ်မြောက်ခဲ့ကြကြောင်းလည်း သိရသည်။

ယင်းအပြင် အောင်ကိုဝင်းအမှုနှင့် ပတ်သက်နေသည်ဟုစွပ်စွဲခံရသူလည်းဖြစ် ထိုင်းနိုင်ငံမှ ခရီးသည်များအား မလေးရှားနိုင်ငံသို့ ဆိုင်ကယ်ဖြင့် သယ်ဆောင်ကာ နေရာပြောင်းပေးသည်ဆိုသည့် အမှုဖြင့် ထောင်ဒဏ် ၂ နှစ် ၃ လ အမိန့်ချခံထားရပြီးဖြစ်သော မောင်ဆန်းအေး အနေဖြင့် ပူးပေါင်းကြံစည်မှု၊ အလောင်းဖျောက်မှုစွဲချက်များကို စွဲဆိုခံထားရခြင်းဖြစ်ကြောင်း သိရပြီး လက်ရှိတွင်မူ နှစ်ဦးစလုံး အမှုမှကင်းလွတ်ခွင့်ရခဲ့ခြင်းဖြစ်သည်။

“သက်သေခိုင်လုံမှုမရှိပါတဲ့။ တရားလိုဘက်က သက်သေတွေကို စစ်တာ အယောက် ၄၀ လောက် ရှိတယ်။ အဲဒီလို စစ်ပေမဲ့လည်း ခိုင်လုံမှု မရှိဘူး။ အောင်ကိုဝင်းသည် လူသတ်မှုမှာ လုံး၀ မပါဝင်၊ မပတ်သက်ဘူးဆိုတာ လုံး၀ ထင်ရှားတဲ့ အတွက်၊ တရားလိုတင်ပြတဲ့အချက်အလက်တွေကလည်း ခိုင်လုံမှုမရှိတဲ့ အတွက် အမိန့်ကို ချမှတ်လို့မရတာကြောင့် ကင်းလွတ်ခွင့် ပေးလိုက်တယ်ဆိုပြီးတော့ တရားသူကြီးက အမိန့်ချလိုက်ပါတယ်။ အောင်ကိုဝင်းက ထိုင်းနိုင်ငံမှာနေဖို့ တရားဝင် စာရွက်စာတမ်းတွေ မရှိတဲ့ အတွက်ကြောင့် သူ့ကို မြန်မာနိုင်ငံကို ပြန်ပို့ရမှာ ဖြစ်တယ်။ သူ့ကို တရားစွဲထားတဲ့ တရားလိုဘက်က အယူခံ ဝင်မယ် မဝင်ဘူးဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူး။ အယူခံ မဝင်ဘူးဆိုရင်တော့ နှစ်နိုင်ငံသက်ဆိုင်ရာအဖွဲ့တွေချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံကို ပြန်ပို့ရမှာ ဖြစ်ပါတယ်။ တရားသူကြီးရဲ့ မေးမြန်းချက်အရတော့ တရားလိုဘက်က အယူခံဝင်ဖို့ အလားအလာ မတွေ့ခဲ့ရပါဘူး” ဟု ယင်းကဆိုသည်။

ထိုင်းနိုင်ငံသားသေဆုံးမှုတွင် လက်ဗွေတွေ့ရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် အောင်ကိုဝင်း ကို တရားစွဲထားသော အမှုများမှာ ထိုင်းနိုင်ငံ ဥပဒေအရ သေဒဏ် (သို့မဟုတ်) ထောင်ဒဏ် တစ်သက် ကျခံရနိုင်သည့် ပူးပေါင်းကြံစည်မှု ၊ ထောင်ဒဏ် ၂ နှစ်ကျော် ကျခံရနိုင်သော အလောင်းဖျောက်မှု၊ ပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ကျော်ကျခံရနိုင်သောတရားမဝင် ခိုးဝင်မှု တို့ ဖြစ်သည့်အပြင် ထိုင်း ဘတ်ငွေ ၂ သန်း ၃ သိန်းကိုလည်း သေဆုံးသူဘက်ကို ပေးရန် နစ်နာကြေး တောင်းဆိုထားသေးကြောင်းလည်း သိရသည်။

ယခုအခါ ယင်းတို့ နှစ်ဦးလုံး အမှုမှ ကင်းလွတ်ခွင့်ရခဲ့ခြင်း ဖြစ်သောကြောင့် အောင်ကိုဝင်းနှင့် မောင်ဆန်းအေးတို့ နှစ်ဦးအတွက် နစ်နာကြေးရရှိစေရန်လည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဟတ်ယိုင်ရုံးတာဝန်ခံ ကိုသိန်းထွန်း MT News ကို ထပ်မံပြောသည်။

“အမှုကင်းလွတ်ခွင့် ရပြီးတဲ့နောက် အောင်ကိုဝင်းနဲ့ မောင်ဆန်းအေး သူတို့ နှစ်ယောက်လုံးအတွက် နစ်နာကြေးလုပ်ငန်းစဉ်လုပ်ဆောင်ဖို့ ဒီနေ့ပဲ သူတို့ နှစ်ယောက်လုံးနဲ့ စာရွက်စာတမ်းတွေပေါ်မှာ လက်မှတ်ထိုးတာတွေ လုပ်ခဲ့ပါတယ်။ ဒီအမှုမှာ ထိုင်းနိုင်ငံအတွင်း လူသားချင်းစာနာတဲ့ ရှေ့နေအဖွဲ့ကလည်း လိုက်ပါကူညီတာတွေ လုပ်ခဲ့ပါတယ်။ကျွန်တော်တို့ အနေနဲ့ ကိုယ့်နိုင်ငံသားတွေအနေနဲ့ အပြစ်မရှိဘဲ ရင်ဆိုင်နေရတဲ့ အပေါ်မှာ အခုလို ကူညီနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်”ဟု ယင်းက ပြောသည်။

မောင်အောင်ကိုဝင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကြွီတဲကျေးရွာ ဇာတိဖြစ်ပြီး မောင်ဆန်းအေးမှာ မင်းပြားမြို့နယ် ကပ်ပဲကျေးရွာ ဇာတိဖြစ်ကြကြောင်း၊ ယင်းတို့ အမှုကင်းလွတ်ခွင့် ရသည့်အကြောင်းကိုလည်း မိသားစုများထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *