၂၈. ၃. ၂၀၂၃
Written by Pan Ei

ဘီယွန်းဆေးနဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး အားကစားဝတ်စုံအမှတ်တံဆိပ် Adidas တို့ တွဲဖက်လုပ်ကိုင်နေတဲ့ Ivy Park အမှတ်တံဆိပ်ရဲ့ရောင်းအားဟာ ဆက်တိုက် ကျဆင်းပြီးနောက် နှစ်ဖက်သဘောတူ လက်တွဲဖြုတ်ခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်ကစတင်ကာ ဘီယွန်းဆေးနဲ့ Adidas တို့ ပူပေါင်းပြီး Ivy Park လို့ခေါ်တဲ့ အမှတ်တံဆိပ်ကို ဖန်တီးကာ အဝတ်အထည်၊ ဖိနပ်နဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး Ivy Park ရဲ့ရောင်းအားဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၉၃ သန်းကျော် ရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ Adidas က Ivy Park ရဲ့ရောင်းအားကို ဒေါ်လာ သန်း ၂၅၀ အထိ မျှော်မှန်းထားခဲ့ပေမယ့် ၅၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကာ ဒေါ်လာ သန်း၄၀ ကျော်သာ ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Adidas ဟာ ၂၀၂၃ ခုနှစ်အတွက် ရောင်းအားကို ဒေါ်လာ ၃၃၅ သန်းအစား ဒေါ်လာ ၆၅ သန်းလို့သာ ပြောင်းလဲ ခန့်မှန်းခဲ့ရပါတယ်။

Hollywood Reporter ရဲ့အဆိုအရ Adidas နဲ့ ဘီယွန်းဆေး တို့ကြားမှာ တီထွင်ဖန်တီးမှု ကွဲပြားတာတွေ ကြီးကြီးမားမားရှိခဲ့ပြီး Adidas စီအီးအိုက ဖျော်ဖြေရေးသမားတွေထက် အားကစားသမားတွေကို အဓိကအာရုံစိုက်သင့်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

Adidas နဲ့ ဘီယွန်းဆေးတို့ရဲ့ စာချုပ်ဟာ ဒီနှစ်ကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဘီယွန်းဆေးက တစ်နှစ်ကို စာချုပ်ကြေး ဒေါ်လာ သန်း ၂၀ ရရှိတာဖြစ်ပါတယ်။

Ref; Forbes

Leave a Reply

Your email address will not be published. Required fields are marked *

Related News