၂၈. ၃. ၂၀၂၃
Written by Pan Ei

ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့ရှိ ကျောင်းတစ်ကျောင်းတွင် မတ်လ ၂၇ ရက်က ဓားဖြင့်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကျောင်းဆရာမတစ်ဦး ဓားဖြင့်ထိုးခံရပြီး အခြားဆရာသုံးဦးနှင့် ကျောင်းသားနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရကာ ဓားဖြင့်ထိုးသည်ဟု သံသယရှိသူမှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ သိုမဇီးယား မွန်တိုရို အစိုးရကျောင်းတွင် မတ်လ ၂၇ ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်တိုက်ခိုက်ခဲ့သည့် အသက် ၁၃ နှစ်အရွယ် ကျောင်းသားကို တာဝန်ရှိသူများက ဖော်ထုတ်နိုင်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့်ဆရာမဖြစ်သူမှာ အသက် ၇၁ နှစ်အရွယ် သိပ္ပံဆရာမ အဲလစ်စတီဘီတီ တန်ရီရို ဖြစ်ပြီး သူမမှာ ဓားဖြင့်ထိုးခံရပြီးနောက် နှလုံးရပ်ပြီး သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဆော်ပေါ်လိုမြို့ အုပ်ချုပ်ရေးမှူး Tarcisio Gomes de Freitas က အဲလစ်စတီဘီတီ တန်ရီရို ၏ ကွယ်လွန်မှုအတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ပြီး ကွယ်လွန်သူဆရာမအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သုံးရက်သတ်မှတ်ကြောင်း ကြေညာခဲ့ကာ ဒဏ်ရာရဆရာများနှင့် ကျောင်းသားများကို ဒေသခံဆေးရုံ လေးခုတွင် ကုသပေးနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် အသက် ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦးက ကျောင်းဆရာတစ်ဦးကို ဓားဖြင့်ထိုးသ-တ်လိုက်သည့် ဖြစ်စဉ်ဖြစ်ပွားပြီး တစ်လနီးပါးအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခဲ့သည့် အကြောင်းရင်းကိုမူ ယခုအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Ref; Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *

Related News