၂၈. ၃. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ယာဉ်ကြောရှင်းနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် သုံးဦးကို လက်လုပ်ဗုံးဖြင့်ပစ်ခတ်ရာ ရဲမေတစ်ဦး၏ လက်အထက်ပိုင်းတွင် ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ဝင်းဘရားသားမှန်အလူမီနီယံဆိုင် အနီးတွင် မတ်လ ၂၈ ရက် နံနက်ပိုင်း ၁၀ နာရီ မိနစ် ၂၀ ခန့် အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘သူတို့က ယာဉ်ကြောရှင်းနေတဲ့ ယာဉ်ထိန်းသုံးယောက်ကို တာမွေခုံးကျော်တံတားပေါ် မောင်းလာတဲ့ ကားကနေ လက်လုပ်ဗုံးနဲ့ လှမ်းပစ်တာ။ အခု သူတို့ကို ဖမ်းမိဖို့အတွက် လုပ်နေတယ်။ သိရသလောက် ဗုံးပစ်တဲ့အခါ ပေါက်တဲ့နေရာနဲ့ နီးတဲ့နေရာမှာရှိတဲ့ ရဲမေက ဗုံးစ စင်ပြီး ဒဏ်ရာရသွားတာမို့ ဆေးကုသမှုတွေ လုပ်ပေးပြီးပြီလို့ သိရတယ်။ မစိုးရိမ်ရဘူး” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းများအရ ယာဥ်ထိန်းတပ်ကြပ်ကြီးတင်မင်းနှင့်တပ်ဖွဲ့ဝင်နှစ်ဦး လမ်းရှင်းနေစဥ် တာမွေခုံးကျော်တံတားပေါ်မောင်းနှင်လာသော စိစစ်ဆဲကားပေါ်မှ PDF များက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ရဲမေ စုစန္ဒီစိုးတွင် ဝဲပုခုံးထိမှန်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာရခဲ့သည်ဟု ကနဦးသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *