၂၈. ၃. ၂၀၂၃
Written by Pan Ei

အီဂျစ်နိုင်ငံတောင်ပိုင်း ရှေးဟောင်းမြို့တော် အက်ဘီဒို့စ်ရှိ ရမ်စီစ် (၂) ဗိမာန်တွင် မြှုပ်နှံထားသော တောလမစ်ခေတ်မှ တိရစ္ဆာန်မမ်မီ ရုပ်ကြွင်း နှစ်ထောင်ကျော်နှင့် ခမ်းနားသော ရှေးဟောင်းဘုရင့်နိုင်ငံတော် တည်ဆောက်ပုံတို့ကို တူးဖော်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ရှိခဲ့သော မမ်မီများထဲတွင် ငှက်များ၊ ခွေးများ၊ တောဆိတ်များ၊ နွားများ၊ ဒရယ်များ၊ မျောက်များ ပါဝင်ပြီး ရမ်စီစ်(၂) သေဆုံးပြီးနောက် နှစ်ပေါင်း ၁,၀၀၀ တိုင်အောင် ဆက်လက်ကြည်ညိုကြောင်း ဖော်ပြသည့်နေရာဟုယူဆရသော နေရာတွင် သိုးခေါင်းများကိုပါ တွေ့ရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းသုတေသနဝန်ကြီးဌာနမှ သိရသည်။

အက်ဘီဒို့စ်မြို့သည် အီဂျစ်နိုင်ငံ၏ အထင်ကရ ရှေးဟောင်းသုတေသနနေရာများထဲမှ တစ်ခုဖြစ်ပြီး တောလမစ်ခေတ်သည် ဘီစီ ၃၀ တွင် ရောမများ အောင်ပွဲခံသည်အထိ ရာစုနှစ်သုံးစုခန့် ဖြစ်သည်။

တူးဖော်မှုများကို နယူးယောက်တက္ကသိုလ်၏ ရှေးဟောင်းလေ့လာရေးဌာနမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိရစ္ဆာန်မမ်မီရုပ်ကြွင်းများနှင့်အတူ ရှေးဟောင်းဘုရင့်နိုင်ငံတော်၏ ဆဋ္ဌမမင်းဆက်မှ ငါးမီတာ (၁၆ ပေ) ခန့် ထူသော အုတ်တံတိုင်းကြီးအပြင် ရုပ်ထုများ၊ ရှေးဟောင်းသစ်ပင်အကြွင်းအကျန်များ၊ သားရေအဝတ်အစားနှင့် ဖိနပ်များကိုပါ တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News