April 30, 2024

အမရပူရခရိုင်တရားရုံးဗုံးကွဲမှုတွင် သေဆုံးဒဏ်ရာရသည့်ရဲတပ်ဖွဲ့ဝင်များနှင့် ထိခိုက်မှုများမြင်ကွင်း

MT News

Written by Min Mahar

ယမန်နေ့ မတ်လ ၂၂ ရက် မွန်းလွဲပိုင်းက အမရပူရခရိုင်တရားရုံးကို အမည်မသိအမျိုးသားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးဖြင့်ပစ်ပေါက်ခဲ့သောကြောင့်​ ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရကာ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နယ်မြေ ၅ /ခ ရပ်ရှိ ခရိုင်တရားရုံးအား စစ်မန်းလမ်းအတိုင်း အရှေ့မှအနောက်သို့ သံသေကပ်ကျော်ဘုရားလမ်းအတိုင်း အမည်မသိလူ ၂ ဦးစီးလာသော ဆိုင်ကယ်ပေါ်မှလူက တရားရုံးဝန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ရာ တရားရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် တရားရုံးဝန်းအတွင်း၌ ရပ်နားထားသော CROWN ခဲ/ဖြူ မော်တော်ယာဉ်တစ်စီး၏ ခေါင်းပိုင်းအနည်းငယ်ပျက်စီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ယာနဖူးထိပ်ပွန်းပဲ့ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ နောက်ထပ်ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာမူ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်နှင့် နှာခေါင်းသွေးထွက်ဒဏ်ရာများရခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးအထွေထွေဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူနေစဉ်အတွင်း မတ်လ ၂၂ ရက် နေ့လည် ၁ နာရီတွင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

ထိုအခင်းဖြစ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်စဉ် သံဘောစေ့များတွေ့ရှိရကြောင်းနှင့် တရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လိုက်လံစုံစမ်းစစ်ဆေးခဲ့ကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News