ရောင်ဝါ
၁၉. ၁၁. ၂၀၂၆
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် PDF အဖွဲ့မှ အမျိုးသား ၁၇၆ ဦးနှင့်အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၁၉၅ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်၊ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသော MA -1 အမျိုးအစား သေနတ် ၄ လက်၊ MA – 2 အမျိုးအစား သေနတ် ၁ လက်၊ MA -3 အမျိုးအစား သေနတ် ၄ လက်၊ M-4 အမျိုးအစား သေနတ် ၁ လက်၊ M-22 အမျိုးအစား သေနတ် ၁ လက်၊ M-16 အမျိုးအစား သေနတ် ၁ လက်၊ Type 81 အမျိုးအစား သေနတ် ၃ လက်၊ ပစ္စတိုသေနတ် ၂ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ်မျိုးစုံ၂၇ခု၊ ကျည်မျိုးစုံ ၉၃၇ တောင့်၊ ဗုံးသီးနှင့်မိုင်းမျိုးစုံ ၃၅လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ စကားပြောစက် ၃ လုံး၊ စနိုက်ပါမှန်ပြောင်း ၁ လက်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၁၅ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၇၅၀ ၊ ပစ္စတို ၂ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၄၀၊ လက်လုပ်သေနတ် ၂ လက်အတွက် ဆုကြေး ငွေကျပ် ၁၀ သိန်း၊ ဗုံးသီးနှင့်မိုင်းမျိုးစုံ ၃၅ လုံးအတွက် ဆုကြေးငွေကျပ် ၁၀၅ သိန်း၊ ကျည်ကာအင်္ကျီ ၁ ထည်အတွက် ဆုကြေးငွေကျပ် ၂ သိန်း၊ စကားပြောစက် ၃ လုံးအတွက် ဆုကြေးငွေကျပ် ၆ သိန်း၊ စနိုက်ပါမှန်ပြောင်း ၁ လက်အတွက် ဆုကြေးငွေကျပ် ၂ သိန်း၊ လက်နက်မပါ အလင်းဝင်ရောက်လာသူ ၁၆၄ ဦးအတွက် ဆုကြေးငွေကျပ် ၁၆၄ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ထို့နောက် ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ အပ်နှံထားသော လက်နက်၊ ခဲယမ်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လက်ဖက်ရည်ဝိုင်းတို့ဖြင့် တည်ခင်းဧည့်ခံသည်။


အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင်များသည် မိသားစုဝင် ဆွေမျိုးများနှင့်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“အဖွဲ့အစည်းထဲကို ရောက်သွားတဲ့အခါမှာ ကိုယ့်ရဲ့တစ်ကိုယ်ရေစာ အသုံးစရိတ်အတွက်တောင်မှ အဆင်မပြေပါဘူး။ CDM စလုပ်ဖြစ်ခဲ့တာကတော့ ကျွန်မနဲ့ဌာနတူ သူငယ်ချင်းတွေက အရင်လုပ်သွားတာရော၊ ကျွန်မတို့ရဲ့ဌာနရှေ့မှာ ပြည်သူတွေက ရုံးမတက်နဲ့ရုန်းထွက်ပေါ့၊ ကျွန်မကိုယ်တိုင်ကလည်း ကာကွယ်ဆေးထိုးမယ့်အချိန်မှာ နောက်ကနေလိုက်ပြီး ရုံးမတက်နဲ့ရုန်းထွက် အဲဒီလိုမျိုးလိုက်ပြောတဲ့အခါမှာ ရှက်တာရော ပြည်သူတွေရဲ့ငြိုငြင်မှာကြောက်တာနဲ့ ကျွန်မ CDM ဝင်ဖြစ်သွားတာပါ။ တကယ်အခက်အခဲကြုံတဲ့အခါမှာလည်း ကျွန်မတို့ပြည်သူတွေက ဘယ်သူမှလည်း မကူညီပါဘူး။ ကိုယ်ဒုက္ခကိုယ်ပဲ ခါးစည်းရင်ဆိုင်ရတာပါ။ အများကြီး သင်ခန်းစာရပါတယ်။ ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ ဆိုတာမလွယ်ပါဘူး။ မိဘတွေဘက်ကထားခဲ့ရတဲ့ ပညာရေးအခြေခံကုန်ကျစရိတ်တွေရော လူ့စွမ်းအားအရင်းအမြစ်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အလွန်ကိုခဲယဉ်းလွန်းပါတယ်။ ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ မလွယ်ပါဘူး။ အများကြီးနစ်နာပါတယ်။ နှစ်နှစ်အတွင်းမှာတော့ ဘာခံစားခွင့်မှမရခဲ့ပါဘူး။ နိုင်ငံတော်နဲ့တပ်မတော်ရဲ့စေတနာကို များစွာကျေးဇူးတင်မိပါတယ်။ နောင်ဟိုဘက်မှာ ကျန်ခဲ့တဲ့ ဘဝတူ CDM ဝန်ထမ်းတွေအားလုံးလည်း ကျွန်မလိုပဲ ပြန်လာချင်တယ်ဆိုရင် ဒီမှာအားလုံးအဆင်ပြေပါတယ်။ အားလုံးပြန်လာခဲ့ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်မအနေနဲ့တကယ်ကို လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ရှိကြောင်းနှင့် CDM ဝန်ထမ်းအားလုံး ကိုယ်စားရော၊ PDF လူငယ်လေးတွေရဲ့ကိုယ်စားရော၊ မိဘတွေရဲ့ကိုယ်စားရော အားလုံးအတွက် တကယ်ကိုကျေးဇူးများစွာတင်ရှိပါတယ်။ ကျွန်မကို ပြန်လည်တာဝန်ထမ်းဆောင်ခွင့်ပေးမယ်ဆိုရင် ကျွန်မနိုင်ငံတော်ရဲ့စေတနာကိုပြန်ပြီးတော့ တပ်မတော်ရဲ့စေတနာကို ဂုဏ်ပြုသောအားဖြင့် တာဝန်ပြန်ထမ်းဆောင်ပေးချင်ပါတယ်။”ဟု အလင်းဝင် PDF အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်၊ ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
