




MT News
၁၀. ၁၀. ၂၀၂၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးနှစ်ဦးကို အနားပေးလိုက်သလို လက်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် လွှဲပြောင်း ပေးအပ်လိုက်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း အား တာဝန်မှ အနားယူခွင့်ပြုလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၂ တို့အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း အား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင် အား တာဝန်မှ အနားယူခွင့်ပြုလိုက်သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းတို့အား တာဝန်မှ အနားပေးလိုက်သည်။
ထိုသို့ အနားပေးမှု၊ တာဝန်ပေးမှုများအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၉၊ ပုဒ်မခွဲ (ခ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၆)နှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၂၅ တို့အရ ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစောမျိုးမျိုးတို့အား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်ဟု သိရသည်။
