

MT News
၁၀. ၁၀. ၂၀၂၆
လူမှုကွန်ရက်ပေါ်တွင် တပ်မတော်သားတစ်ဦးကဲ့သို့ အယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းများ ပြန်လည်ထုတ်ပေးနိုင်ကြောင်း လိမ်လည်ဖော်ပြ၍ ငွေကြေးလိမ်လည်နေသူများအား ဖမ်းဆီးရမိထားကြောင်း အတည်ပြု ထုတ်ပြန်သည်။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့်ဒို့တာဝန် အရေးသုံးပါးကိုစောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက်စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ ထိုသို့ ထုတ်ပြန်ကြေညာထားသော်လည်း တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်ရည်ရွည်၍ လူမှုကွန်ရက်ပေါ်တွင် တပ်မတော်သား တစ်ဦးကဲ့သို့ အယောင်ဆောင်ပြီး “ပြည်သူ့စစ်မှုထမ်းများအား ပြန် လည်ထုတ်ပေးနိုင်ကြောင်း” လိမ်လည်ဖော်ပြကာ ငွေကြေးလိမ်လည်မှုများ ကျူးလွန်လျက်ရှိ သည့်အတွက် ပြည်သူအချို့အနေဖြင့် နစ်နာဆုံးရှုံး မှုများဖြစ်ပေါ်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ သိရှိရသည်။
အဆိုပါငွေကြေးလိမ်လည်သူများအား ဖမ်းဆီးနိုင်ရေးဆောင် ရွက်ခဲ့ရာ စက်တင်ဘာလ ၃ ရက်တွင် “ဗိုလ်ကြီး သူရဇော်” နှင့် “ဗိုလ်ကြီး” TikTok Account တို့ဖြင့် ငွေကြေးလိမ်လည်သူ တိုးလှိုင်ဝင်းအား တောင်ငူမြို့၌လည်းကောင်း၊ စက်တင်ဘာလ ၁၇ ရက်တွင် “မင်းကိုကို” TikTok Account ဖြင့် ငွေကြေးလိမ်လည်သူ စိုးသူရအောင်အား ရွှေကျင်မြို့နယ်ရှိ ၎င်း၏ နေအိမ်၌လည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်တွင် “ဗိုလ်ကြီး ထက်ကောင်းနိုင်” TikTok Account ဖြင့် ငွေကြေးလိမ်လည်သူ နိုင်လင်းဦး အား မြောင်းမြမြို့၌လည်းကောင်း၊ စုစုပေါင်းတရားခံ ၃ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများအား စိစစ်ဖော်ထုတ်ချက်များအရ တိုးလှိုင်ဝင်း၊ စိုးသူရအောင်နှင့် နိုင်လင်းဦး တို့ သည် လူမှုကွန်ရက်အကောင့်အတုများဖြင့် တပ်မတော်သားတစ်ဦးကဲ့သို့ အယောင်ဆောင်ကာ လူမှုကွန်ရက်ပေါ်၌တွေ့ရှိရသော တပ်မတော်အရာရှိများ၏ ဓာတ်ပုံများနှင့် ရုပ်သံဖိုင်များအား ၎င်းတို့၏လူမှုကွန်ရက်အကောင့်အတုများတွင် ပြန်လည်အသုံးပြုဖော်ပြပြီး ပြည်သူ့စစ်မှုထမ်းများအား ပြန်လည်ထုတ်ပေးနိုင်ကြောင်း လိမ်လည်ဖော်ပြ၍ ၎င်းတို့ထံသို့ ဆက်သွယ်လာသူများအား ယုံကြည်အောင် လိမ်လည်ပြောဆိုကာ ငွေကြေးလိမ်လည်မှုများ ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ၎င်းတို့ ၃ ဦးအား တရားဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
မိဘပြည်သူများအနေဖြင့် တပ်မတော်၏ဂုဏ်သိက္ခာကျဆင်းစေ ရန် တပ်မတော်သားတစ်ဦးကဲ့သို့ အယောင်ဆောင်ကာ ပြည်သူ့စစ်မှု ထမ်းများ ပြန်လည်ထုတ်ပေးနိုင် ကြောင်းဖော်ပြ၍ ငွေကြေးလိမ်လည်နေသူများအားသိရှိပါက သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း နှင့် ထိုကဲ့သို့ ငွေကြေးလိမ်လည်နေသူများအား ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
