Photo- Khine Hnin Wai Facebook
MT News
Written By Thandar
ပါးချိုင့်လေးနဲ့ ပရိသတ်ချစ်ခင်မှုပိုရလာတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့အသက် ၄၂ နှစ်ပြည့်မွေးနေ့မှာ ဂေဟာမှာရှိတဲ့ မိဘမဲ့ကလေးငယ်တွေနဲ့ ဝန်ထမ်းတွေအတွက် သူမများရုတ်တရက် တစ်ခုခုဖြစ်သွားခဲ့ရင် ဒီဂေဟာကြီး ပြိုလဲပျက်စီးသွားမလားဆိုတဲ့ နောက်ကြောင်း မအေးမှုကြောင့် သိန်း ၁၀၀၀၀ ကျော်တန် အသက်အာမခံထားလိုက်တာပါလို့ ဖွင့်ဟလာပါတယ်။
“အမအနေနဲ့ ကလေးတွေအတွက် တခြားလုပ်ပေးထားတာရှိပေမယ့် ဒီဟာကတော့ အသက်အာမခံလေးပေါ့။ အမက ကျပ်သိန်း ၁၀၅၀၀ ကို အသက်အာမခံထားထားတယ်။ ကလေးတွေအတွက် တစ်ပြားတစ်ချပ်မှမကျန် ထားထားတယ်။ လက်ရှိ ဂေဟာရှိနေတဲ့ ကလေးတွေအပါအဝင်ရော နောက်ရောက်လာမယ့် ကလေးတွေရဲ့ နောင်ရေးကို အာမခံထားတော့ အမစိတ်အေးရတာပေါ့။ ဝန်ထမ်းတွေလည်း လက်တွဲလာတာကြာပြီလေ။ ကိုယ်နဲ့အတူ ဝန်ထမ်းတွေက ကိုယ့်ထက်ပိုပြီး ကလေးတွေပေါ်မှာ ပေးဆပ်ရတာရှိတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။
အသက်အာမခံယူထားတဲ့အတွက် အကျိုးခံစားခွင့်အားလုံးကို ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ လက်ရှိ ရှိနေတဲ့ ကလေးတွေအတွက်ရော နောက်ထပ်ရောက်လာမယ့်ကလေးတွေအတွက်သာမက လုပ်သက် ၅ နှစ်နဲ့အထက် ဝန်ထမ်းတွေအားလုံးအတွက်ပေးအပ်ထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင် ခိုင်နှင်းဝေဟာ KBZ Life Insurance ကနေပြီး တစ်သက်တာ အသက်အာမခံ KBZ Universal Life ကို ငွေကျပ်သိန်း ၁၀၅၀၀ ကို အသက် ၈၀ အထိ အသက်အာမခံယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အမ ဒီလိုလုပ်ဖြစ်ခဲ့တာက ကိုယ်များရုတ်တရက် တခုခုဖြစ်သွားခဲ့ရင် ဒီဂေဟာကြီးက ပြိုလဲပျက်စီးသွားမလား။ နောက် ကြောင်း မအေးဘူးမို့ အသက်အာမခံထားလိုက်ပါ။ ငါမရှိတော့ရင် ငါ့ကလေးတွေ ဒုက္ခရောက်သွားမလား။ ဘယ်လိုများ ရှေ့ဆက်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ။ အမကို မှီခိုနေတဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက်ပါ စဉ်းစားပြီး အာမခံဝယ်ယူဖြစ်ခဲ့တာပါ” လို့ သူမကဆက်ပြောပါတယ်။
ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာ လက်ရှိ စွန့်ပြစ်ခံမိဘမဲ့ကလေး အယောက် ၆၀ ကျော်ကို စောင့်ရှောက်ထားတာလည်းဖြစ်ပါတယ်။
