၂၆.၉.၂၀၂၆
Written by Thiri
ပဲခူးမြို့၊ ဥဿာမြို့သစ် (၈) ရပ်ကွက်မှာ နေအိမ်ရှေ့ လမ်းပေါ်မှာ ထိုင်ဆော့ကစားနေတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မော်တော်ယာဉ် နောက်ဆုတ်မောင်းနှင်စဉ် တိုက်ကြိတ်မိလို့ အခင်းဖြစ်နေရာမှာပင် သေဆုံးသွားခဲ့တာကြောင့် ပေါ့လျော့စွာ မောင်းနှင်တဲ့ အသက် ၁၉ နှစ်အရွယ် ယာဉ်မောင်းကို ရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်က စက်တင်ဘာ ၂၅ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ဥဿာမြို့သစ် (၈) ရပ်ကွက်၊ နာဂဝန် (၃) လမ်းမှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါလမ်းမှာနေထိုင်တဲ့ မောင်စိုင်းဖုန်းခေတ်ငြိမ်း (၆) နှစ်ဟာ နေအိမ်ရှေ့ လမ်းပေါ်မှာ တစ်ဦးတည်း ထိုင်ဆော့ကစားနေစဉ် ယာဉ်မောင်း ကောင်းခန့် (၁၉) နှစ် မောင်းနှင်တဲ့ MITSUBISHI ROSO (MINI BUS) အမျိုးအစား အဖြူရောင်ယာဉ်က နောက်ဆုတ်မောင်းနှင်လာစဉ် ဝင်ရောက်တိုက်မိခဲ့တာလို့ သိရပါတယ်။
ကလေးငယ်မှာ လဲကျသွားချိန် ယာဉ်ရဲ့ ဝဲဘက်နောက်ဘီးနဲ့ ထပ်မံကြိတ်မိခဲ့တာကြောင့်ဦးခေါင်း ကွဲကြေဒဏ်ရာတွေရရှိကာ အခင်းဖြစ်နေရာမှာပင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
မော်တော်ယာဉ်ကို ပေါ့လျော့စွာ မဆင်မခြင် မောင်းနှင်မှုကြောင့် ကလေးငယ် သေဆုံးခဲ့ရတဲ့အတွက် ယာဉ်မောင်း ကောင်းခန့်အား ပဲခူးမြို့၊ နယ်မြေရဲစခန်း (၃) က ယာဉ်(ပ)၁၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရပါတယ်။
လက်ရှိမှာ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပဲခူးမြို့၊ နယ်မြေရဲစခန်း (၃) က ယာဉ်မောင်းကို တရားဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
