၁၇.၉.၂၀၂၆
Written by KL
ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ (၂) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ဘာဂါဆိုင်၏ ဝန်ထမ်းများ နေသည့်အခန်းတွင် ယနေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၈ နာရီ ၁၈ မိနစ်ခန့်က နံရံကပ်ပန်ကာဖွင့်ထားရာမှ မော်တာအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဘာဂါဆိုင်နှင့် ဖုန်းပြင်ဆိုင်တို့ ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသူများ၏အတည်ပြုချက်အရ သိရသည်။
ဖြစ်စဥ်မှာ ထပ်ခိုးပါသော သွပ်မိုး၊ အုတ်ကာ၊ ပျဥ်ခင်း ခြောက်ခန်းတွဲ နှစ်ထပ်တိုက်၏ ဘယ်စွန် ဒုတိယအခန်း ESPANYOL Burger ဆိုင်၏ ပထမထပ် ဝန်ထမ်းများနေသည့်အခန်းမှစတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံရံကပ်ပန်ကာ ဖွင့်ထားစဥ် မော်တာအပူလွန်ကဲရာမှ မီးပွားထွက်၍ အောက်ရှိ အဝတ်အထည်များပေါ်သို့ ကျကာ စတင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။



မီးလောင်မှုကြောင့် ESPANYOL Burger ဆိုင်နှင့် အတွင်းပစ္စည်းများ၊ ကိုမင်း ဖုန်းပြုပြင်ရေးနှင့် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုလုပ်ငန်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၁၁ စီး အပါအဝင် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၆ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၃၉ နှစ် အရွယ် အမျိုးသားကို ကျောက်တံတားမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
