၁၈.၉.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များ၌ ခြောက်လတာကာလအတွင်း ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူ ကျား၊ မ စုစုပေါင်း ၁၈၆ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး လက်ကိုင်ဖုန်းမျိုးစုံ ၂၃၅ လုံး သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကျူးလွန်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက်ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ခြောက်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူတရားခံ အမျိုးသား ၁၆၅ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၁၈၆ ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ခါးပိုက်နှိုက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းမျိုးစုံ ၂၃၅ လုံးနှင့် ငွေကျပ် ၆၈၈၅၇၀၀ ကိုလည်း ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ကာ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများ ကင်းစင်စေရေးအတွက် နယ်မြေအတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ နှင့်ပူးပေါင်း၍ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက် ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မှုခင်းအသိပညာပေး ဟောပြောခြင်း၊ မှုခင်းကျဆင်းရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
