MT News
၁၇. ၉. ၂၀၂၆
တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကိုကိုဦးအား ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ယနေ့တွင် ပြောင်းလဲတာဝန်ပေးအပ်လိုက်ပြီဖြစ်သည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၆/ ၂၀၂၆ အရ ဗိုလ်ချုပ်ကြီးကိုကိုဦးမှာ ပြည်ထဲရေးဝန်ကြီးအဖြစ်သို့ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လက်ရှိပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေမှာ မူလစစ်ဘက်တာဝန်များ ပြန်လည် ထမ်းဆောင်စေမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (က) နှင့် (ခ)၊ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) တို့အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်ကြီး ကိုကိုဦး အား ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ဗိုလ်ချုပ်ကြီးကိုကိုဦးသည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းက တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးတာဝန် ရယူခဲ့သူဖြစ်ပြီး ခြောက်လမပြည့်မီ ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခံရခြင်းဖြစ်သည်။
