၁၇.၉.၂၀၂၆
translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် က ကနေဒါနိုင်ငံဟာ ဥရောပသမဂ္ဂရဲ့ တွဲဖက်အဖွဲ့ဝင် အဖြစ် ဖြစ်လာခဲ့မယ်ဆိုရင် အမေရိကန်အနေနဲ့ ဥရောပအပေါ် အကောက်ခွန်များ တိုးမြှင့်ကောက်ခံမယ်လို့ စက်တင်ဘာလ ၁၆ ရက်မှာ ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။
ကနေဒါနိုင်ငံကို ဥရောပသမဂ္ဂရဲ့ တွဲဖက်အဖွဲ့ဝင် အဆင့်အတန်း ပေးအပ်ရေးကို ဥရောပမဟာမင်းကြီး က ထောက်ခံထားပြီး၊ ကနေဒါဝန်ကြီးချုပ် မာ့က်ကာနေး ကလည်း ဥရောပသမဂ္ဂနဲ့ ထူးခြားတဲ့ မဟာမိတ်ဆက်ဆံရေးတစ်ရပ် တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောကြားထားပါတယ်။
ဥရောပသမဂ္ဂရဲ့ ပထမဆုံးသော တွဲဖက်အဖွဲ့ဝင်နိုင်ငံ အဖြစ် ကနေဒါနိုင်ငံ ပါဝင်လာနိုင်ရေး လမ်းဖွင့်ပေးရန်အတွက် ကနေဒါဝန်ကြီးချုပ် မာ့က်ကာနေးနဲ့ ပူးပေါင်းလုပ်ဆောင်လိုတယ်လို့လည်း ဥရောပသမဂ္ဂမဟာမင်းကြီး အာဆူလာ ဗွန်ဒါလီယန်က စက်တင်ဘာလ ၁၆ ရက်က ဥရောပပါလီမန်မှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် သတင်းထောက်တွေက ဥရောပသမဂ္ဂကနေဒီ အစီအစဉ်နဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါ ထရမ့်ပ် က ရယ်စရာကောင်းသော လုပ်ရပ်ပါပဲ လို့ ပြောဆိုခဲ့ပါတယ်။
ထရမ့်ပ်က “တကယ်လို့ ဒါကို ရန်လိုတဲ့လုပ်ရပ်လို့ ကျွန်တော်ယူဆရင် ဥရောပအပေါ် အလွန် ပြင်းထန်တဲ့ အကောက်ခွန်တွေ ကောက်ခံမှာဖြစ်သလို ကုန်သွယ်မှုကိုလည်း ရပ်ဆိုင်းပစ်မှာပါ” လို့ ပြောကြားခဲ့ပြီး “ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ဆိုရင်တော့ ကိစ္စမရှိပါဘူး” လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက မကြာသေးမီကပဲ ကနေဒါကုန်ပစ္စည်းတွေအပေါ် အကောက်ခွန်တွေ တိုးမြှင့်ကောက်ခံခဲ့ပြီး၊ ကနေဒါဘက်ကလည်း တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်မှ သွင်းကုန်တွေအပေါ် အကောက်ခွန် တိုးမြှင့်ကောက်ခံခဲ့ပါတယ်။
ဥရောပသမဂ္ဂမှာ အရင်ကတော့ တွဲဖက်အဖွဲ့ဝင်ဆိုတာ မရှိခဲ့ဖူးသလို ထိုအဆင့်အတန်းနဲ့ ပတ်သက်လို့လည်း ရှင်းလင်းတိကျစွာ သတ်မှတ်ထားတာ မရှိသေးပါဘူး။
လက်ရှိအချိန် ဥရောပသမဂ္ဂမှာ တွဲဖက်အဖွဲ့ဝင် ဆိုတဲ့ အဆင့်အတန်းမျိုး မရှိသေးတဲ့အပြင် တကယ်လို့ သဘောတူညီမှုရရှိခဲ့ရင်တောင် ထိုလုပ်ငန်းစဉ်က နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။
ဒီလိုအဖွဲ့ဝင်ပုံစံက ဘာ်လိုပုံစံမျိုး ဖြစ်လာမယ်ဆိုတာကို တိကျစွာ မသိရသေးပေမယ့် ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ့် ကဏ္ဍအသီးသီးကို ဗွန်ဒါလီယန်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီလို အကြံပြုချက်မျိုးကို အရင်လည်း တင်ပြဆွေးနွေးဖူးပါတယ်။ ဥပမာအနေနဲ့ ယူကရိန်းနိုင်ငံကိုလည်း အလားတူ အဆင့်အတန်းမျိုး ပေးအပ်သင့်တယ်လို့ ဂျာမနီနိုင်ငံခေါင်းဆောင် ဖရက်ဒရစ် မာ့ဇ်က ယခုနှစ်အစောပိုင်းမှာ အကြံပြုခဲ့ဖူးပေမယ့် တချို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကန့်ကွက်မှုကို ကြုံတွေ့ခဲ့ရဖူးပါတယ်။
ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်တစ်ရပ်ကို လွန်ခဲ့သော ဆယ်စုနှစ်နီးပါးကတည်းက ချုပ်ဆိုခဲ့ပေမယ့်၊ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံကတော့ ထိုသဘောတူညီချက်ကို အတည်ပြုလက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။
ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံအတွက် အဖွဲ့ဝင်ပုံစံအသစ်တစ်ခု ဖန်တီးမယ့်အစား လက်ရှိ ရှိပြီးသား ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေကိုသာ ပိုမိုတိုးတက်ခိုင်မာအောင် လုပ်ဆောင်လိုသူတွေလည်း ရှိနေပါတယ်။
Ref: BBC
