သတိုး
၁၇. ၉. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ အကြီးဆုံး မရာ (Mara) လူငယ်အစည်းအရုံးဖြစ်သော Mara Thyutlia Py (MTP) မှ စေတနာ့ဝန်ထမ်းများနှင့် ရခိုင်ကုန်သည်အသွင်ယူ AA အကြမ်းဖက်လက်နက်ကိုင်များအကြား စီအာဟာ (Siaha) ခရိုင်၊ ခိုင်ခီ (Khaikhy) ကျေးရွာတွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် မီဇိုရမ်တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့အကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည်။
အဆိုပါ ရပ်ဆိုင်းမှုသည် ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၁၆ ရက်) ညမှစ၍ စတင်သက်ရောက်ခဲ့ကြောင်း စီအာဟာမြို့ရှိ မရာ လူငယ်အစည်းအရုံး ဗဟိုဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆာလာလွိုင် (Salalui) မြစ်အနီး ဖြစ်ပွားခဲ့သည့် တနင်္လာနေ့ ဖြစ်စဉ်နှင့် ပတ်သက်၍ မရာ လူငယ်အစည်းအရုံး၊ ဖူရာ (Phura) ဌာနခွဲက အခင်းဖြစ်ပွားရာ နေရာသို့ တိုက်ရိုက်သွားရောက် စိစစ်လေ့လာပြီး တင်ပြခဲ့သည့် အစီရင်ခံစာအပေါ် အခြေခံ၍ ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာအရ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ကုန်သည်များနှင့် ကုန်သယ်ယူပို့ဆောင်သူ အစုအဖွဲ့တစ်ခုသည် မြစ်တစ်ဖက်ကမ်း မြန်မာဘက်ခြမ်းသို့ သယ်ယူခွင့်ပြုသည့် ကုန်ပစ္စည်းပမာဏ နည်းပါးနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ခိုင်ခီကျေးရွာအနီးရှိ မာရာ လူငယ်အစည်းအရုံး ကင်းစခန်းမှ စေတနာ့ဝန်ထမ်းများကို သွားရောက် စိစစ်မေးမြန်းခဲ့ကြသည်။ ဒေသတွင်းသတင်းများအရ ရခိုင်ပြည်နယ်မှ ကုန်သည်များနှင့် ကုန်သယ်ယူပို့ဆောင်သူ အစုအဖွဲ့သည် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်များက ကုန်သည်အသွင်ယူထားသူများဖြစ်သည်ဟုလည်း ဖော်ပြကြသည်။
အဆိုပါ ဒေသတွင် အိန္ဒိယနိုင်ငံရှိ မရာ လူငယ်အစည်းအရုံး စေတနာ့ဝန်ထမ်းများသည် နယ်စပ်ဖြတ်ကျော် ဂိတ်တွင် ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုကို ထိန်းကျောင်းပေးနေသူများ ဖြစ်ကြသည်။ အိန္ဒိယဘက်ခြမ်းမှ ဝယ်ယူထားသော ကုန်ပစ္စည်းများကို စက်လှေများဖြင့် သယ်ယူသည့် ရခိုင်ကုန်သည်အယောင်ဆောင်များက ၎င်းတို့အတွက် ကုန်ပစ္စည်းများ ပိုမိုထုတ်ပေးရန် တောင်းဆိုခဲ့ကြရာမှ အခြေအတင် စကားများပြီး တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခိုက်ရန်ဖြစ်ပွားမှုကို ရှောင်လွှဲရန်အတွက် မရာ စေတနာ့ဝန်ထမ်းများသည် ကင်းစခန်းမှ ဆုတ်ခွာပေးခဲ့ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် ရခိုင်ကုန်သည်များနှင့် ကုန်သယ်ယူသူအယောင်ဆောင် AA အကြမ်းဖက်များသည် အဆိုပါ ကင်းစခန်းကို ဖျက်ဆီးကာ မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။
စီအာဟာခရိုင်၏ တောင်ဘက်စွန်းတွင် တည်ရှိသော ခိုင်ခီကျေးရွာသည် မီဇိုရမ်တောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား တရားဝင်မဟုတ်သော နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ပြုလုပ်သည့် အဓိကနေရာတစ်ခု ဖြစ်သည်။ အဆိုပါဒေသမှတစ်ဆင့် သယ်ယူပို့ဆောင်နေသည့် ကုန်ပစ္စည်း အများစုမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့သို့ ပေးပို့ခြင်းဖြစ်သည်။

အဆိုပါ ကုန်သွယ်မှု ပမာဏမှာ အလွန်ကြီးမားပြီး ခိုင်ခီကျေးရွာသို့ တစ်နေ့လျှင် ပစ်ကပ်ကား ၁၀၀ ကျော် ရောက်ရှိလေ့ရှိကြောင်း သိရသည်။ ထိုမှတစ်ဆင့် စက်လှေ ၁၀၀ ကျော်ဖြင့် ဆာလာလွိုင်မြစ်အတိုင်း ရခိုင်ပြည်နယ်ရှိ ဆာလာချောင်း (Salachhuah) ကျေးရွာသို့ ကုန်ပစ္စည်းများကို ဆက်လက်သယ်ယူကြခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြားဒေသများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ ပြင်းထန်စွာ ပြတ်တောက်နေရသည့် မြန်မာနိုင်ငံအနောက်ပိုင်း အထူးသဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တို့အတွက် ယခုလို အကန့်အသတ်မရှိ ကုန်သွယ်မှု ရပ်ဆိုင်းလိုက်ခြင်းက ပစ္စည်းထောက်ပံ့မှုများကို ပိုမို ရိုက်ခတ်မှု ရှိလာနိုင်သည်။
မီဇိုရမ်တောင်ပိုင်းဒေသသည် အိမ်နီးချင်း ဒေသများရှိ ပြည်သူများအတွက် စက်သုံးဆီအပါအဝင် အဓိက အခြေခံစားသောက်ကုန်များကို ရရှိနိုင်သည့် အရေးပါသော အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့သည်။
Ref: The Assam Tribune
